မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းလိုက်ရင် လုပ်ငန်းစချိန်က အသုံးပြုထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၇၀၀ နီးပါး ပြန်လျော်ဖို့ ရှိနေတာကြောင့် ဒါကို ဟန်ပြပြန်လုပ်ဖို့အတွက် ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြစ်ဆုံဆည်စီမံကိန်း ပြန်စနိုင်ဖို့အတွက် အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ဧပြီ ၂၄ ရက်က ကြေညာလိုက်တာပါ။
ဒီစီမံကိန်းဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က မြေခနဲ့မလိခ တို့ဆုံတဲ့ မြစ်ဆုံနေရာမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးကုန်ကျပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀၀၀ ကျော် ထုတ်လုပ်နိုင်မယ့် ရေကာတာ ၇ ခုကို ဆောက်ဖို့ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (SCPI) နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ၂၀၀၆ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အဲဒီစာချုပ်အရ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(SCPI) က ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါကုမ္ပဏီက ၅ ရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်ကြမှာပါ။
ငွေကြေးစိုက်ထုတ်မှုအားလုံးကိုတော့ တရုတ်ဘက်ကနေ စိုက်ထုတ်ရမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားခွဲဝေမှုကိုတော့ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (SCPI) ကုမ္ပဏီက ၉၀ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၁၀ ရာခိုင်နှုန်း ခွဲဝေယူဖို့ သဘောတူခဲ့တာပါ။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဟာ နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပြီး သူ တာဝန်စယူတဲ့အချိန်မှာပဲ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ နိုင်ငံအနှံ့ ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတဲ့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ သူတို့ရဲ့ အစိုးရသက်တမ်း ကုန်ဆုံးတဲ့အချိန်ထိ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင်ရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ ဖွဲ့ချိန်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သူတို့ အစိုးရတာဝန်ယူခဲ့ချိန်က လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ကတိကဝတ် စာချုပ်စာတန်းတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီလွှဲပြောင်းပေးတဲ့အထဲမှာ မြစ်ဆုံဆည်စီမံကိန်းစာချုပ်လည်း တခု အပါအဝင် ဖြစ်တယ်။
အဲဒီစာချုပ်ထဲမှာတော့ ဒီစီမံကိန်းဟာ ရပ်ဆိုင်းလို့ရတဲ့ စာချုပ်တခုမဟုတ်ဘဲ စီမံကိန်းကို အပြီးရပ်ဆိုင်းလိုက်မယ်ဆိုရင် မြစ်ဆုံစီမံကိန်း စဖို့အတွက် ဆောင်ရွက်ခဲ့တဲ့အချိန်ကနေ ရပ်ဆိုင်းလိုက်တဲ့အချိန်ထိ ကုန်ကျခဲ့တဲ့ အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးကို ပေးလျော်ဖို့ရှိတယ်ဆိုတဲ့ အချက်အလက်တွေ ပါရှိပါတယ်။ အဲဒီအပြင် ဒီစီမံကိန်းရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်းဟာ နှစ် ၄၀ ဖြစ်ပြီး ၅ နှစ် ၂ ကြိမ်သက်တမ်းထပ်တိုးခွင့်ရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ၂၀၁၆ ခုနှစ်၊ မတ်လအကုန်မှာ အစိုးရဖွဲ့ခဲ့ပြီး နောက် ၄ လအကြာ ဩဂုတ်လထဲမှာပဲ မြစ်ဆုံဆည်စီမံကိန်းတွေနဲ့ပတ်သတ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။
၃ လအကြာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ အဲဒီကော်မရှင်က သူတို့တွေ့ရှိခဲ့တာတွေနဲ့ ပတ်သက်ပြီး ရေးသားပြုစုခဲ့တဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတဆီကို ပေးပို့လိုက်ပေမဲ့ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး NLD အစိုးရဘက်က ထုတ်ပြန်ကြေညာထာမျိုး မရှိခဲ့တာကြောင့် မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ရေးဟာ မရေမရာနဲ့ တိတ်ဆိတ်ခဲ့ရပါတယ်။
ဒီစီမံကိန်းဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအပြင် ပြည်သူလူထုကြားက နိုင်ငံရေးသက်ရောက်မှုပါ ကြီးနိုင်တဲ့အတွက်ကြောင့် စီမံကိန်းကို ဆက်လုပ်မယ်မလုပ်ဘူးဆိုတာကို မပြောဆိုဘဲ အချိန်ဆွဲယူခဲ့တာ ဖြစ်နိုင်တယ်လို့ မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သတ်ပြီး NLD အစိုးရက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်မှာ ဦးဆောင်သူဖြစ် ပါဝင်ခဲ့တဲ့ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက DVB ကို ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ရေး အကြီးအကျယ်ရှုံးနိမ့်နေတဲ့အချိန် ဖြစ်တာကြောင့် မြစ်ဆုံဆည်စီမံကိန်းကို ပြန်စဖို့ မဖြစ်နိုင်ပေမဲ့ ဒီစီမံကိန်းကို ပြန်မစနိုင်ရင် အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း SCPI ကို လျော်ကြေးပေးလျော်ရဖို့ရှိတာကြောင့် ဟန်ပြလုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောပါတယ်။
NUG ဝန်ကြီး ဦးစိုးသူရထွန်းက “အကြွေးတောင်းတယ်။ အကြွေးမပေးနိုင်ဘူး။ မပေးနိုင်တော့ ပြန်ပေးပါ့မယ်။ ဒီမှာ ကော်မရှင်တွေလည်း ဖွဲ့နေပါပြီ။ ဟိုကလည်းလွယ်လွယ်နဲ့ အလှည့်စားခံနိုင်မယ့်သူတော့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ကော်မရှင်ဖွဲ့တယ်။ တို့တွေဘက်က သုသေတန ပညာရှင်အဖွဲ့က အကုန်လုံး အစီရင်ခံစာတင်ပြီးပြီ။ ကော်မရှင်ဘက်က အစီရင်ခံစာမတက်ဘူး။ ဘာလို့မထွက်လဲဆိုတော့ နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်းပြောရမယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ကြိုက်ချင်မှ ကြိုက်မယ်။ အမှန်တွေမလို့ပါ။ တကယ့်တကယ်တော့ နိုင်ငံရေးသဘောအရ အချိန်ဆွဲဆန့်လိုက်တယ်။ အစီရင်ခံစာမရှိသေးပါဘူး။ မပြီးသေးပါဘူး ဆိုတဲ့ပုံစံနဲ့ ရပ်ထားလိုက်တယ်။ အခုလည်း စစ်ကောင်စီက အဲဒီလိုလုပ်ချင်တဲ့ပုံ ပေါ်တယ်။ အရမ်းကြီးမားတဲ့ ကွာခြားချက်က တရုတ်အစိုးရက ပေါတောတောတော့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မလို့သာ သည်းခံပြီး ဒီအတိုင်း ထိုင်ကြည့်နေတာလေ။ စစ်ကောင်စီက အခုလို လုပ်ရုံနဲ့တော့ လွယ်လွယ်နဲ့ လက်ခံမှာတော့မဟုတ်ဘူး”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ အထူးစိန်ခေါ်ချက် ဖြစ်လာတဲ့အတွက်ကြောင့်လျှပ်စစ်စီမံကိန်းတွေကို ပြန်စသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ဩဂုတ် ၂၄ ရက်မှာ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တရုတ်အထူးကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့က အစိုးရအဖွဲ့ရုံးမှာ သီးသန့်တွေ့ဆုံခဲ့ပြီး အဲဒီစီမံကိန်းအကြောင်း ဆွေးနွေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မြစ်ဆုံစီမံကိန်း ပြန်စဖို့က မဖြစ်နိုင်ပေမဲ့ တိုက်ပွဲတွေကြောင့် အထိနာလာတဲ့ ဒေသခံပြည်သူလူထုကို စည်းရုံးပြီး စီမံကိန်းပြန်စဖို့ ကြိုးစားလာနိုင်သလို တဖက်မှာလည်း တရုတ်နိုင်ငံရဲ့စီးပွားရေးစီမံကိန်း တခုအကောင်အထည်ပြန်ဖော်လာပြီး ကချင်ပြည်နယ်ထဲက စစ်ပွဲအရှိန်ကို လျှော့ချဖို့ကြိုးစားတာလည်း ဖြစ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။
လက်ရှိအချိန်ထိတော့ စစ်ကောင်စီက ပြန်စဖို့ ကြိုးစားနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး NUG အစိုးရအဖွဲ့အတွင်းမှာ ဆွေးနွေးနေတာမရှိသေးသလို ဒီကိစ္စကို အဓိကထား ဆုံးဖြတ် ပြောဆိုရမှာက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာတူးခေါင်က “ကချင်ဒေသရဲ့ အုပ်ချုပ်ရေးလုံခြုံရေးအားလုံးက KIO အစိုးရကြားမှာပဲ အဓိကကျတာဖြစ်တဲ့အတွက် ကချင်ဒေသရဲ့အရေးအရာက KIO နဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် NUG က ဆောလျင်စွာသွားပြီးတော့ ဆွေးနွေးလို့လည်းမသင့်ဘူး။ အချိန်တန်ရင်တော့လည်း တုံ့ပြန်ဖို့ရှိ ကောင်းရှိမှာပါ”လို့ ပြောပါတယ်။
မြစ်ဆုံဆည်ပြန်စဖို့ဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး KIA အနေနဲ့ ဗဟိုကော်မတီဆုံးဖြတ်ချက် တစုံတရာမရှိသေးတာကြောင့် ပြောဆိုလို့မရသေးဘူးလို့ KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
ဒေသခံ ကချင်လူထုကလည်း မြစ်ဆုံဆည်စီမံကိန်း ပြန်စတာကို လုံးဝလက်သင့်ခံမှာမဟုတ်ဘဲ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ကချင်ပြည်နယ်အတွင်းကနေ အပြီးတိုင်ထွက်သွားနိုင်ရေးအတွက် လိုလားနေကြတယ်လို့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူလည်းဖြစ်၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဒေါ်နန်ပူက ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ အကြီးအကျယ် စစ်ရေး ရှုံးနိမ့်နေပြီ ဖြစ်တာကြောင့် ဒီမံကိန်းကလည်း ပြန်စဖို့ဖြစ်နိုင်မှာမဟုတ်သလို မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ လုပ်ဆောင်တဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကိုမှ လက်သင့်မခံဘူးလို့ ဆိုပါတယ်။
ဒေါ်နန်ပူက “ဒီတိုက်ပွဲက နောက်ဆုံးတိုက်ပွဲဖြစ်တယ်ဆိုတာကို KIA က တောက်လျှောက် ပြောနေတာ အခု။ ဒီမြစ်ဆုံ စီမံကိန်းဆိုတာကလည်း KIA နဲ့ PDF တွေကို တိုက်ခိုက်တဲ့ စစ်တိုက်မှု နည်းဗျူဟာတခုပဲ ဖြစ်တယ်လေ။ အဲဒါကို ကျမတို့က ပြည်သူတွေကို သိအောင် ဆက်ပြီး ပြောဖို့လိုအပ်တယ်။ ငါတို့ ဘယ်လိုပဲ ဒုက္ခရောက်ရောက် ဒီစီမံကိန်းကို လက်သင့်မခံသင့်ဘူး ဆိုတာကို ပြည်သူအတော်များများက သိနေတဲ့အခြေအနေတော့ ရှိပါတယ်”လို့ ပြောပါတယ်။
မြစ်ဆုံဆည် နယ်မြေရဲ့အကျယ်အဝန်းဟာ ၁၈၀၀၀ စတုရန်းမိုင် ရှိပြီး အဲဒီစီမံကိန်းရဲ့ ဆိုးကျိုး သက်ရောက်မှုဟာ ကချင်ပြည်နယ်တခုတည်းရဲ့ အရေးကိစ္စမဟုတ်ဘဲ ကချင်ပြည်နယ်ကနေစပြီး ဧရာဝတီမြစ် စီးဆင်းတဲ့ မြစ်ဝကျွန်းပေါ်ဒေသအထိ သက်ရောက်မှာဖြစ်လို့ ဒီစီမံကိန်းကို တနိုင်ငံလုံးက ပြည်သူလူထုတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။
သမ္မတဦးသိန်းစိန်အစိုးရက မြစ်ဆုံစီမံကိန်းကို သူတို့လက်ထက်မှာ ရပ်ဆိုင်းပေးလိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အချက် ၅ ချက်ကို ကြေညာခဲ့ပါတယ်။
အဲဒီအကြောင်းရင်း ၅ ချက်ကတော့ ဒီစီမံကိန်းကြောင့် ကချင်လူထုအတွက်သာမက မြန်မာတနိုင်ငံလုံး ထိခိုက်နိုင်တာ၊ ဆည်အထက်ပိုင်းက ရွာတွေ ရေမြှုပ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီဆုံးရှုံးစေနိုင်တာ၊ သစ်တောစိုက်ခင်းတွေ ပျက်စီးစေနိုင်တာ၊ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက ရေခဲတောင်တွေ အရည်ပျော်စေနိုင်တာနဲ့ ဒီဆည်ကြီး ပြိုပျက်သွားရင် ဆည်အောက်မှာရှိနေတဲ့ ရွာလူထုတွေ သေကျေပြီး ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်တာတို့ ဖြစ်ပါတယ်။
အောင်သူ