တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်တွေရဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်မြို့မှာ မေ ၂၇ ရက်က ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့အရေးတင်းမာမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆွေးနွေးပွဲတွေကို ပြန်အသက်သွင်းတာလည်း ဖြစ်ပါတယ်။
အမေရိကန်မဟာမိတ်နှစ်နိုင်ငံနဲ့ တရုတ်အကြား ဒီလိုထိပ်သီးပိုင်းတွေ့ဆုံမှုဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်ဆိုတာ သက်ဆိုင်ရာနိုင်ငံတွေမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပေမဲ့ တရုတ်ကတော့ သမ္မတ ရှီချင့်ဖျင် မတက်ရောက်ဘဲ တဆင့်လျှော့ပြီး ဝန်ကြီးချုပ်ကိုပဲ စေလွှတ်တာဖြစ်ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်း၊ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုး၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။
ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ သိပ္ပံနဲ့နည်းပညာ၊ ပြည်သူများ အပြန်အလှန်လည်ပတ်တာ၊ ကျန်းမာရေးနဲ့ သက်ကြီးဝါကြီး များပြားလာမှု စတဲ့ နယ်ပယ် ၆ ခုအတွက် ပူးတွဲကြေညာချက်ထုတ်ဖို့ ရှိနေပါတယ်။
ခေါင်းဆောင်တွေဟာ နှစ်ဦးချင်းစီလည်း သီးခြားတွေ့ဆုံမှုတွေ လုပ်ခဲ့ပြီး နောက်တရက်အကြာမှာ သုံးပွင့်ဆိုင် ထပ်တွေ့တာဖြစ်ပါတယ်။
အဲဒီသီးခြားတွေ့ဆုံမှုတွေမှာ လီနဲ့ ယွန်းက သံတမန်ဆက်ဆံရေးနဲ့ လုံခြုံရေးဆွေးနွေးပွဲတွေ၊ လွတ်လပ်စွာ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူခဲ့ပါတယ်။
ကီရှီဒါနဲ့ လီတို့ တွေ့ဆုံမှုမှာတော့ ထိုင်ဝမ်အရေး ဆွေးနွေးခဲ့သလို အဆင့်မြင့်အရာရှိအဆင့် စီးပွားရေး ဆွေးနွေးပွဲသစ်တွေ ကျင်းပဖို့ သဘောတူခဲ့ပါတယ်။
Source/Photo-Reuters