Home
မြန်မာသတင်း
တီးတိန်တွင် တိုက်ပွဲပြင်းထန်၊ မင်းတပ်၌ ဖမ်းဆီးခံ သားကို သွားတွေ့သည့်မိခင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ သေဆုံး
DVB
·
May 27, 2024
TeeTainWar_27052024

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ  မေ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၄ နာရီခွဲမှာ တီးတိန်မြို့ မြို့မရပ်ကွက်က မိုက်ခရို တာဝါတိုင်စခန်းကုန်းကို PDF Zoland က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

PDF Zoland တာဝန်ရှိသူက “မနက် ၄ နာရီခွဲမှာ ကျနော်တို့ မိုက်ခရိုတာဝါတိုင်စခန်းကို ဝင်တိုက်တာပါ။ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ဒီနေ့ တမနက်တည်းမှာ တီးတိန်မြို့အနှံ့ကို လေကြောင်းကနေ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တီးတိန်စစ်ဘေးရှောင် အကူအညီပေးနေသူက “၄ နာရီခွဲလောက်က တိုက်ပွဲစဖြစ်တာ၊ အခုတော့ ပြန်ငြိမ်သွားပြီ၊ ဒီနေ့မနက် တီးတိန်မြို့ပေါ်မှာ လေယာဉ်နဲ့ ၆ ကြိမ် ဗုံးလာကြဲသွားတယ်၊ နေအိမ်ပျက်စီးတာရှိတယ်၊ အခုလည်း သိပ်မငြိမ်သေးလို့ အတိအကျ ပြောလို့မရသေးဘူး၊ ပြည်သူ တချို့ထွက်ပြေးကြတယ်၊ မပြေးဘဲ အိမ်မှာပဲနေတဲ့သူလည်းရှိတယ်” လို့ ပြောပါတယ်။

တီးတိန်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် မြို့ခံတွေဟာ တီးတိန်မြို့နယ်ထဲက ကျေးရွာတွေဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကို ထွက်ပြေးနေတယ်လို့ သိရပါတယ်။

မင်းတပ်မြို့မှာတော့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ သားဖြစ်သူကို သွားတွေ့တဲ့ မိခင်တဦး ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

မေ ၂၆ ရက် နေ့လယ် ၁ နာရီလောက်မှာ မင်းတပ်မြို့ စီချဲ့ဘောသုံးရပ်ကွက်မှာ အမျိုးသမီးတဦး ဆိုင်ကယ်ပေါ်ကပြုတ်ကျမှု ဖြစ်ခဲ့တာပါ။

သေဆုံးသူဟာ မင်းတပ်မြို့ စီချဲ့ဘော်သုံးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်ဖေလှီးပိုင်လို့ သိရပါတယ်။

မင်းတပ်မြို့ခံတဦးက “သူက နေမကောင်း အားမရှိဘူးလေ။ သူ့သားကို ဖမ်းကြလို့ သွားတွေ့ဖို့ ၂၇၄ ကိုသွားရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျတာ၊ ခေါင်းထိသွားတယ်၊ အသုဘကတော့ ဒီနေ့လယ်ချမှာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်မှာ သေဆုံးသူရဲ့ သား အသက် ၁၈ နှစ်အရွယ် အမျိုးသားကို မင်းတပ်မြို့ စီချဲ့ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပြီး ခလရ-၂၇၄ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024