Home
မြန်မာသတင်း
ရခိုင်တွင် အခြေခံကျောင်းများအပ်ရန် စစ်ကောင်စီ ဖိအားပေး၊ AA ထိန်းချုပ်နယ်၌ ကျောင်းမဖွင့်နိုင်
DVB
·
May 27, 2024
Rakkhine School_27052024

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက အခြေခံကျောင်းတွေဖွင့်ပြီး ကျောင်းအပ်ဖို့ ဖိအားပေးတာတွေ ရှိနေပါတယ်၊ AA ထိန်းချုပ်နယ်မြေတွေမှာတော့ အခြေခံကျောင်းတွေ ဖွင့်လှစ်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်း  မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ အခြေခံပညာကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ် စစ်ကောင်စီပညာရေးဌာနက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသက အခြေခံကျောင်းတွေ ဖွင့်ထားပြီး ကျောင်သားတွေကို ကျောင်းအပ်နှံဖို့ ဖိအားပေးတာတွေရှိတယ်လို့ သိရပါတယ်။

AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေပေမဲ့  စစ်ကောင်စီထိန်းချုပ်မှု လက်အောက်မှာပဲ ရှိနေသေးတဲ့ သံတွဲမြို့မှာတော့ ကျောင်းသားတွေကို ကျောင်းအပ်ဖို့ တိုက်တွန်းထားကာ ကျေးရွာတွေမှာဆို ကျောင်းအပ်နှံမှုတောင် ပြီးစီးနေတဲ့ အနေအထားရှိတယ်လို့ ဒေသခံ ဆရာမတဦးက ပြောပါတယ်။

“ကျောင်းကလေ အခုချိန်ကတော့ ကလေးတွေ အပ်နေကြတာပေါ့နော်။ ၃ ရက်နေ့ကိုတော့ တက်ရမယ် ပြောတယ်၊ ဒါပေမဲ့ နောက်ပိုင်းတော့ ဘယ်လိုလာဦးမလဲ မသိ၊ ကိုယ့်သားသမီး ကိုယ်ဘယ်လွှတ်ရဲမလဲ လွှတ်ရဲတဲ့မိဘက သတ္တိကောင်းတာပေါ့၊ မြို့ကျောင်းတွေမှာ အပ်ကြတယ် တခြား အဆင်ပြေတဲ့မိဘတွေကျတော့ ရန်ကုန်ဘက်တွေ ပြောင်းသွားကြပြီတော့ ကျောင်းထွက်လက်မှတ်တွေ ယူပြီး။ မြို့ကျောင်းတွေက ပြောလို့မရ ရွာကျောင်းတွေကတော့ ပြီးသွားပြီပေါ့ ကျောင်းအပ်တာ၊ သူတို့က အပ်ဖို့ တယောက် လာတယ်ဆို အကုန်လုံးက စုလာကြတာ”လို့ ပြောပါတယ်။ 

သံတွဲမြို့နဲ့နီးကပ်လာတဲ့ တိုက်ပွဲတွေကြောင့် မိဘတွေက ကလေးတွေကို ကျောင်းထားဖို့ စိုးရိမ်နေတဲ့ အနေအထားလည်း ဖြစ်နေပေမဲ့ ကျောင်းမအပ်ရင် AA ကို ထောက်ခံတယ်လို့ စွပ်စွဲမှာ စိုးတဲ့အတွက် ကျောင်းအပ်နေတာဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ မိဘတွေကတော့ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေကို လွှတ်ပြီး ပညာဆက်လက်သင်ကြားစေတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“မိဘတွေကတော့ အပ်ထားတာပေါ့၊ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ဒါထက် ဆိုးဆိုးဝါးဝါးဖြစ်လာရင် ဘယ်တက်မလဲ ကလေးတွေ၊ အခုတောင်မှပဲ ဘာမှန်းမသိ တရက် နှစ်ရက် ငြိမ်နေတာ နောက်ခါ ဘာဖြစ်လာဦးမလဲ မသိလေ၊ မြို့ထဲမှာတော့ အပ်တဲ့သူလည်း ရှိတယ်၊ မအပ်တဲ့သူလည်း ရှိတယ်၊ ပြောင်းတဲ့ သူရှိတယ်၊ ရန်ကုန် ပြောင်းကြတယ် ဘယ်သူက သွားချင်မလဲနော့၊ အခု ၃ ရက်နေ့တော့ တက်ရမယ် ပြောတယ်၊ အခုလက်ရှိအခြေအနေက။”

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဒေသတွေမှာတော့ ကျောင်းတက်ဖို့ ဖိအားပေး တိုက်တွန်းတာတွေရှိသလို စစ်တွေမှာလည်း ကျောင်းပြောင်းမယ့်ကလေးတွေကို ကျောင်းထွက်လက်မှတ် မထုတ်ပေးတာတွေ ရှိတယ်လို့လည်း စုံစမ်း သိရပါတယ်၊

AA ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေမှာတော့ လက်ရှိအချိန်ထိ အခြေခံကျောင်းတွေဖွင့်ဖို့ ပြင်ဆင်နေတာ မတွေ့ရသေးဘူးလို့ ကျောက်တော်မြို့ခံက ပြောပါတယ်။

“ကျောက်တော်မှာက AA  က အလုံးစုံ သိမ်းပိုက်ထားတာာဆိုတော့ ဒီဘက်မှာတော့ ကျောင်းတွေ ဘာတွေ တရားဝင်ပြန်ဖွင့်တော့ မတွေ့မိသေးဘူးဗျ။”

အခြေခံကျောင်းတွေ ဖွင့်လှစ်နိုင်မှုနဲ့ ကလေးတွေ ပညာရေးအခြေအနေအတွက် ပြင်ဆင်ထားမှုကို သိနိုင်ဖို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသလို အာရက္ခတပ်တော် AA ကိုလည်း မေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြတားတာ မရှိသေးပါဘူး။

AAက ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ဘူးသီးတောင်မြို့ကို သိမ်းယူထားနိုင်ပြီလို့ အေအေဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ကျောင်းသား ၃ သိန်းကျော်သာ ကျောင်းအပ်ခဲ့ပြီး တနိုင်ငံလုံးအနေအထားအရ အခြေခံပညာရေးက ကျောင်းသားကျောင်းသူပေါင်း ၆ သန်းကျော် ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013