အီတလီနိုင်ငံ၊ လမ်ပီဒူဆာကျွန်း ကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သင်္ဘောတစီး ပျက်သွားပြီးနောက် လူ ၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂၁ ယောက် ပျောက်ဆုံးနေကြောင်း အီတလီသတင်းတွေနဲ့ ကုလသမဂ္ဂ အရာရှိတွေက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ ဆီးရီးယားနိုင်ငံသားတွေ ဖြစ်ကြပြီး ပျောက်ဆုံးနေသူတွေ ထဲမှာ ကလေးငယ် ၃ ယောက် ပါဝင်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေကို ပြောကြားခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူ ၇ ယောက်ကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ပြီး လစ်ဗျားနိုင်ငံကနေ ထွက်ခွာလာခဲ့တဲ့ အဲဒီလှေပေါ်မှာ လူ ၂၈ ယောက် လိုက်ပါလာခဲ့တယ်လို့ အသက်ရှင်နေသူတွေက ပြောပါတယ်။
မြေထဲပင်လယ်အလယ်ပိုင်းဟာ ကမ္ဘာ့အသေအပျောက်အများဆုံး ရွှေ့ပြောင်းသွားလာရေး လမ်းကြောင်းတွေထဲက တခုဖြစ်ပါတယ်။
ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်ရေး အေဂျင်စီ (IOM) ရဲ့ အဆိုအရ မနှစ်က လှေနဲ့ဖြတ်ကူးရင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂,၅၀၀ ကျော်ရှိပြီး အခုနှစ် စက်တင်ဘာ ၃ ရက်အထိ သေဆုံး/ပျောက်ဆုံး ရွှေ့ပြောင်းနေထိုင်သူ ၁,၀၄၇ ယောက် ရှိပါတယ်။
အီတလီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ ၂၀၂၄ ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၄၃,၀၀၀ ကျော်သာ အီတလီကို ရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။
Source-Reuters