အီတလီနိုင်ငံ၊ စစ္စလီကျွန်းက ပါလာမိုဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းထန် ကြမ်းတမ်းတဲ့ မုန်တိုင်းတိုက်အပြီး ဇိမ်ခံအပျော်စီးသင်္ဘောတစီး သြဂုတ် ၁၉ ရက်က နစ်မြုပ်သွားပြီးတဲ့နောက် ဗြိတိန်နည်းပညာလုပ်ငန်းရှင် မိုက်ခ်လင့်ချ်နဲ့ သူ့သမီး အပါအဝင် ပျောက်ဆုံးနေသူ ၆ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြပါတယ်။
ကယ်ဆယ်ရေးလှေတွေဟာ ပါလာမိုဆိပ်ကမ်းကို ဝင်လိုက်ထွက်လိုက် ဖြစ်နေတာ မြင်နေရပြီး ဒေသခံ ငါးဖမ်းသမား ဖရန်ဆက်စ်ကို ဘာလစ်စရီယယ်လီက ပျောက်ဆုံးနေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပင်လယ်ထဲကို ပန်းတွေ ပစ်ချခဲ့ပါတယ်။
လူ ၂၂ ဦး တင်ဆောင်ထားပြီး အရှည် ၁၈၄ ပေရှိ ဗြိတိန်အလံလွှင့်ထားတဲ့ အပျော်စီးသင်္ဘောဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကြောင့် ပိုရ်တီချယ်လို ဆိပ်ကမ်းနားမှာ ကျောက်ချ ရပ်နားထားခဲ့တာပါ။
ပျောက်နေသူတွေထဲမှာ အမေရိကန်နိုင်ငံက တရားခွင်မှာလင့်ချ်ကို ကိုယ်စားပြုပြီး ကာလကြာရှည် ရပ်တည်ပေးခဲ့တဲ့ ရှေ့နေ ခရစ် မော်ဗီလိုနဲ့ မော်ဂံ စတန်လေ အင်တာနေရှင်နယ် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဂျိုနသန် ဘလွန်းမားတို့လည်း ပါပါတယ်။
အထူးကျွမ်းကျင်ရေငုပ်သမားတွေဟာ တနင်္လာနေ့က ရေအောက် အနက် မီတာ ၅၀ လောက်မှာရှိတဲ့ သင်္ဘောအထိ ရောက်ရှိခဲ့ပေမဲ့ ဝန်းကျင်က အရာဝတ္ထုတွေကြောင့် ဝင်လို့မရဘဲ အဟန့်အတား ဖြစ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
လင့်ခ်ရဲ့ဇနီး အိန်ဂျလာ ဘာကာရက်စ်နဲ့ တနှစ်သားအရွယ် မိန်းကလေးတဦး အပါအဝင် လူ ၁၅ ဦး သင်္ဘောမနစ်မီ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
သြဂုတ် ၁၉ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ဇိမ်ခံသင်္ဘောပေါ်က စားဖိုမှူးရဲ့ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ပြီး ကာရစ်ဘီယံပင်လယ်ထဲက ကျွန်းနိုင်ငံလေး အံတီဂွါ နိုင်ငံသား ရီကာဒိုသောမတ်စ် ဖြစ်တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
Source-Reuters