Home
နိုင်ငံတကာ
ကာ့စ်ခ်ဒေသ၌ သတင်းရိုက်ကူးခဲ့သည့်ကိစ္စ အီတလီသံအမတ်ကို ရုရှား ဆင့်ခေါ်
DVB
·
August 18, 2024
Photo - REUTERS/Viacheslav Ratynskyi

အီတလီနိုင်ငံပိုင် အသံလွှင့်ဌာန (RAI)ရဲ့ သတင်းထောက်အဖွဲ့တဖွဲ့ဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုလုပ်ခဲ့တာနဲ့ပတ်သက်လို့ မော်စကိုမြို့ရှိ အီတလီသံအမတ်ကြီးကို  ဆင့်ခေါ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

RAI သတင်းဌာနဟာ အခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသရဲ့ ယူကရိန်း ချုပ်ကိုင်ထားတဲ့ အစိတ်အပိုင်းတွေကနေ သတင်းပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

“ရုရှား ဖက်ဒရေးရှင်းနယ်မြေကို တရားမ၀င် ဝင်ရောက်လာတဲ့ အီတလီနိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ ရေဒီယိုကုမ္ပဏီ RAI ရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သံတမန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အီတလီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ RAI နဲ့ သူ့သတင်းအဖွဲ့တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို လုံးဝလွတ်လပ်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ စီစဉ်ကြတာဖြစ်တယ်လို့ သံအမတ် ချယ်ချီလီယာပစ်ချိုနိုက ရုရှားအာဏာပိုင်တွေကို ရှင်းပြခဲ့ပါတယ်။

RAI မီဒီယာဟာ ဗုဒ္ဓဟူးနေ့က ပထမဆုံး နိုင်ငံရပ်ခြား သတင်းပေးပို့ချက်ကို ရုရှားနိုင်ငံ ဆူဒ်ဇာမြို့ကနေ ရုပ်သံလွှင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားကို ယူကရိန်း ထိုးစစ်ရဲ့ စစချင်းအဆင့်တွေကို ထည့်သွင်းဖော်ပြခဲ့တာပါ။

အီတလီ မီဒီယာအမှုထမ်းတွေဟာ ယူကရိန်းစစ်တပ်ရဲ့ စောင့်ကြပ်မှုအောက်မှာ အလုပ်လုပ်နေကြပုံရပြီး စစ်ပွဲကြောင့် ပျက်စီးခဲ့တဲ့မြို့ကို ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။

သောကြာနေ့အစောပိုင်းကတော့ ရုရှားတရားဥပဒေစိုးမိုးရေးနဲ့ နီးစပ်တဲ့ ဘာ့ဇာအမည်ရှိ တယ်လီဂရမ် ချန်နယ်တခုမှာ ရုရှားနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ RAI သတင်းထောက်နှစ်ဦးကို ရာဇ၀တ်မှုနဲ့ အမှုဖွင့်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013