ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တွေမှာ ဧည့်စာရင်းမတိုင်သူတွေကို စစ်ဆေးတွေ့ရှိပါက မြို့နယ်အတွင်းက စစ်ကောင်စီရဲစခန်းတွေမှာ တပတ်အထိ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ရပ်ကွက် ၁၇ ခုနဲ့ ဝေဘာဂီမြို့သစ်၊ ရွှေပေါက္ကံမြို့သစ်တွေ ပါဝင်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဧည့်စာရင်းမတိုင်လို့ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်က အဆောင်ပိုင်ရှင်တယောက်က “ကလေးတွေက အညာဘက်ကနေ အလုပ်လာလုပ်တာ။ ဧည့်စာရင်းမတိုင်တာ မဟုတ်ဘူး။ ၂ ရက်လောက် ကျော်သွားတာကို ဝေဘာဂီရဲစခန်းကို ခေါ်သွားတာ။ ၈ ရက်မြောက်နေ့မှ ပြန်လွှတ်ပေးတာ။ ကျောကုန်းမှာ ညိုမဲစွဲနေအောင် အရိုက်ခံထားရတာ။ အခု ဒီမှာမနေတော့ဘူး ပြောင်းသွားပြီ” လို့ ပြောပါတယ်။
ဩဂုတ်လထဲမှာပဲ မြောက်ဥက္ကလာပမြို့နယ်ထဲက ကျောက်ရေတွင်း၊ တံတားကြီး၊ ပုရွက်ဆိတ်ကုန်း၊ ဆ ရပ်ကွက်၊ စ ရပ်ကွက် စတဲ့ ရပ်ကွက် ၅ ခုမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာတွေကို အစားထိုးခဲ့ပြီး ဧည့်စာရင်း စိစစ်တာ၊ လူဦးရေစာရင်း ကောက်ဖို့တွေနဲ့ စစ်မှုထမ်းစာရင်း ပြုစုတာတွေ လုပ်ဆောင်နေပါတယ်။
မြောက်ဥက္ကလာပမြို့ခံတယောက်က “သိရသလောက် ပုရွက်ဆိတ်ကုန်းရပ်ကွက်တခုပဲ အရင်အုပ်ချုပ်ရေးမှူး ပြန်ဖြစ်သွားတာ။ AD (ထွေအုပ်) က နှုတ်မိန့်နဲ့ တန်းခန့်တဲ့ မြို့နယ်ကြံ့ခိုင်ရေး စည်းရုံးရေးမှူး ကျော်မင်း/ကြက်ခေါင်းက ပြန်ပြုတ်သွားပြီ။ သူ တလလောက် အုပ်ကြီးလုပ်တုန်းက အဲဒီရပ်ကွက် အလုပ်သမား ၃ ဦး အဖမ်းခံရသေးတယ်။ မြရတနာလမ်းထိပ်နဲ့ ခေမာသီလမ်းပေါ်က အမှတ် ၉ ရဲစခန်းမှာ တခါတည်း အချုပ်ခံလိုက်ရတာ။ အလုပ်သမားကောင်လေးတွေ ပြန်တော့လွတ်သွားပြီ” လို့ ပြောပါတယ်။
၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေး ဥပဒေကို စစ်ကောင်စီ အာဏာသိမ်းပြီး ၁၁ ရက်မြောက်နေ့မှာ စတုတ္ထအကြိမ် ပြင်ဆင်ခဲ့ပြီး ဧည့်စာရင်း တိုင်ကြားရမယ့် ပုဒ်မခွဲတွေကို ထပ်တိုးခဲ့သလို ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ပြင်ဆင်ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ရုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းမတိုင်ကြားသူ အရပ်သားတွေကို ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ဒဏ်ရိုက်နေပေမဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုး အတည်ပြုထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၃ ပါ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးတစုံတရာ တောင်းခံခြင်းမပြုရ” ဆိုတဲ့ အချက်ကို ချိုးဖောက်ပြီး အဓမ္မ ငွေကြေးတောင်းခံနေကြပါတယ်။