Home
ဆောင်းပါး
စစ်မှုထမ်းဖို့ ပစ်မှတ်ထားခံရသူများ
DVB
·
March 2, 2024
Army_02032024

စစ်မှုထမ်းဥပဒေ ထွက်လာပြီး မကြာခင်မှာပဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ သံရုံးတချို့မှာ တန်းစီနေတဲ့ လူအုပ်ကြီးက ပိုပြီး များလာပြန်ပါတယ်။

သံရုံးတွေထဲက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းသံရုံးရှေ့မှာ လူအုပ်ကြီးက အတန်းလိုက် ဖြစ်လာတာပဲ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ သံရုံးတွေရှေ့ လူစည်ကားခဲ့ပါတယ်။ ကာလတခုအကြာမှာတော့ လူကြဲပါးသွားတာမျိုး ရှိပါသေးတယ်။ စစ်မှုထမ်းဥပဒေရဲ့ ဂယက်က တကြိမ်ပြန်ပြီး လူစည်စေတာ ဖြစ်ပါတယ်။

“တပ်ထဲလိုက်မလား။ တပ်မတော်ထဲဝင်မလား” ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ ရုံးရှေ့လမ်းမပေါ်မှာ လူတယောက် ပြောနေသံကို ကြားလိုက်ရပါတယ်။

ဒီကာလမှာ တပ်ထဲဝင်ရောက်ဖို့ လူစုနေတာဟာ အခုလို ပေါ်ပေါ်ထင်ထင် ပြောလို့ရပါသလား လို့လည်း သံသယစိတ် ဝင်ခဲ့ပါသေးတယ်။ ပတ်စ်ပို့ထုတ်ပေးတဲ့နေရာမှာ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေ ဝန်ဆောင်မှုပေးရာ နေရာဆိုတော့ ဒီလိုအရိပ်မှာ ဒါမျိုး ပေါ်ပေါ်ထင်ထင် “တပ်ထဲဝင်မလား” ဆိုတဲ့ ပြောနေခြင်းက ဆန်းတော့ မဆန်းပါဘူးလေလို့ပဲ တွေးလိုက်ပါတယ်။

တပ်ထဲဝင်မလားဆိုပြီး ပြောနေသူက‌တော့ သူပြောနေတဲ့စကားကို ရပ်လိုက်တာမျိုးတော့ မရှိပါဘူး။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့မှာ တပ်ထဲဝင်ဖို့ မဲဆွယ်ပြောဆိုချက်ကို ဘယ်သူကမှ အရေးတယူ မရှိကြပါဘူး။ အဲဒီလူရှိရာ နေရာကနေ အဝေးမြန်မြန်ရောက်အောင်သာ သွားနေကြပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့ တန်းစီးနေသူတွေက စစ်မှုထမ်းဥပဒေနဲ့ ကင်းလွတ်ရာ အရပ်ကို ရှောင်တိမ်းသွားကြဖို့အတွက် တနိုင်ငံနဲ့တနိုင်ငံ အကူးအပြောင်းလုပ်ဖို့၊ သတ်မှတ်ချက် အဆင့်တွေကို ကျော်လွှားဖို့ တန်းစီနေကြတဲ့သူတွေပါ။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့မှာ စာအုပ်အသစ်လုပ်ဖို့ တန်းစီနေကြသူတွေနဲ့ စာအုပ်ရဖို့ တန်းစီနေကြတဲ့ လူတန်းကြီး ရှိပါတယ်။ လူတန်းကြီးရဲ့ တနေရာမှာတော့ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဖို့ ဆွယ်နေသူ‌တွေ ရှိပါတယ်။

စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ချိန်မှာ ပြည်ပကိုထွက်ဖို့ တာစူနေကြတဲ့ လူငယ်တွေ ဒုနဲ့ဒေး ရှိလာပါတယ်။ ရန်ကုန်က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ လူအများအပြား တိုးဝှေ့ တန်းစီနေကြတာ ရှိသလို မန္တလေးက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာလည်း တန်းစီရင်း လူသေဆုံးတဲ့အထိ ဖြစ်ရပ်မျိုး ရှိပါတယ်။

စစ်မှုထမ်းဥပဒေက ရန်ကုန်မြို့ပြကြီးကို တကြိမ်ပြန်ပြီး ဟန်ချက်ပျက်အောင် လုပ်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကပ်ရောဂါကြီးကြောင့် ပုံမှန်လည်ပတ်နေတဲ့ မြို့ပြကြီးက အကန့်အသတ်ကြားကပဲ သွားလာလှုပ်ရှားမှု ပြုလုပ်ရတယ်။ ကပ်ရောဂါကြီး ပြေလျော့လာချိန်မှာတော့ တစတစနဲ့ ပုံမှန် ပြန်လည်ပတ်ပါသေးတယ်။

ကပ်ရောဂါရဲ့ အကန့်အသတ်တွေကြားကပဲ ပြေလျှော့လိုက်၊ ကန့်သတ်လိုက်နဲ့ ရှင်သန်နေကြတဲ့ မြို့ပြကြီးမှာ နောက်ထပ် ကပ်ရောဂါထက်ဆိုးတဲ့ ကန့်သတ်မှုတွေကြားထဲ ထပ်ရောက်ရပြန်ပါတယ်။

စစ်အာဏာသိမ်းခြင်းရဲ့ ကန့်သတ်ချက်က ကပ်ရောဂါထက် ခံပြင်းစရာ ကောင်းပါတယ်။ ခံပြင်းစိတ်အခံတွေနဲ့ နေထိုင်နေကြရတဲ့ မြို့ပြကြီးက အခုတခါ စစ်မှုထမ်းဥပဒေကြောင့် ပေါက်ကွဲသံတွေ ထွက်လာပါတော့တယ်။

အသွားအလာ ကြဲပါးသွားတာဖြစ်လို့ လက်လုပ်လက်စား တနိုင်တပိုင် အရောင်းအဝယ်လေးနဲ့ ဘဝရပ်တည်နေကြသူတွေရဲ့ မကျေနပ်ချက် စကားသံတွေ ပိုကျယ်လာတာကိုလည်း ကြားမိပါတယ်။

“အခုလိုလုပ်လိုက်တော့ လူတွေက အပြင်မထွက်ကြတော့ဘူး။ လူတွေ အပြင်မထွက်တော့ အရောင်းအဝယ်လည်း ပါးသွားတာပေါ့။”

လူငယ်တွေကို အဓိကထားပြီး အဟောင်းထည်လေးတွေ ရောင်းဝယ်နေသူတယောက်က အပြင်ထွက်မလာကြတော့တဲ့ ဈေးဝယ်သူတွေကို မျှော်ရင်း စစ်မှုထမ်းဥပဒေ ဆိုတာကိုလည်း မကျေနပ်တဲ့အကြောင်းပါ မြည်တွန်နေပါတော့တယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ထားချိန် မြို့ပြပေါ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကားကြီးတွေက ထီးထီးကြီး လှည့်လည်မောင်းနှင်နေတာပါ။

အာဏာသိမ်းတာ ၂ နှစ်လောက် ကြာလာချိန်မှာတော့ စစ်ကားပေါ်မှာ အင်အားလျော့လာပါတယ်။ လူအင်အားမပါဘဲ စစ်ကားကြီးတွေ တလမ်းဝင် တလမ်းထွက် လမ်းမတန်းတွေကို ပတ်မောင်းနေတာမျိုး ရှိလာပါတယ်။

အခုတော့ စစ်ကားအကြီးတွေကို မတွေ့ရတော့ဘဲ Double Cab လို ကားတွေနဲ့ နေ့ရောညပါ ပတ်မောင်းနေတာကို တွေ့ရပါတယ်။ ကားပေါ်မှာ စစ်ဝတ်စုံ ဝတ်ထားသူတွေကို အတွေ့ရ နည်းသွားပါတယ်။

မြို့ပြမှာ ဧည့်စာရင်းအကြောင်းပြပြီး အခန်းတံခါးကို မရအရ ဖွင့်ခိုင်းကာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကလည်း မလွန်မြောက်သေးပါဘူး။

ဧည့်စာရင်းစစ်ပုံစစ်နည်း အဆင့်ဆင့် ရှိခဲ့ပါတယ်။ အရင်က ဧည့်စာရင်းကို တိုက်အောက်ဆင်းပြီး ဧည့်စာရင်း တိုင်ထားသလား၊ မတိုင်ထားဘူးလားဆိုတဲ့ ဧည့်စာရင်းစာရွက် ဆင်းပြကြရပါတယ်။

နောက်ပိုင်းမှာ တိုက်အောက်က တံခါးကိုဖွင့်၊ အခန်းဝအထိ ရောက်လာပြီး ဧည့်စာရင်းစာရွက်နဲ့ လူဦးရေ တိုက်ကြည့်တာတွေ လုပ်လာတဲ့ အခြေအနေ ရှိလာပါတယ်။

ဒီထက် အဆင့်တိုးလာတဲ့အချက်က အခန်းထဲအထိ ရောက်လာပြီး မိသားစုဝင်တွေရဲ့ အိတ်တွေ၊ ဖုန်းတွေ စစ်ဆေးတာတွေ လုပ်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာက မြို့ပြကြီးရဲ့ နေရာအများစုမှာပါ။

ဧည့်စာရင်းအကြောင်းပြ စစ်ဆေးသူတွေက စည်ပင်သာယာဝတ်စုံ ဝတ်ထားသူတွေ၊ စစ်ဝတ်စုံ ဝတ်ထားသူတွေ၊ ရဲဝတ်စုံ ဝတ်ထားသူတွေနဲ့ အရပ်ဝတ်တွေနဲ့သူတွေပါ စစ်ဆေးမေးမြန်းတာတွေ လုပ်ကြတာပါ။

ဒီလို ဧည့်စာရင်းရဲ့ စိုးရိမ်ထိတ်လန့်မှုက ကင်းကွာလာတယ်လို့ မရှိဘဲ နောက်တဆင့် ခြောက်လှန့်လာတာက စစ်မှုထမ်းဥပဒေ ဆိုတာပါ။ စစ်မှုထမ်းဥပဒေက လမ်းမပေါ် ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲဖို့အတွက် တရားဝင်ခွင့်ပြုလိုက်တဲ့သဘောပဲ ဆိုတဲ့ မှတ်ချက်တွေလည်း ထွက်လာပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်လိုက်တဲ့နောက် Double Cab လို ကားပေါ်မှာ စစ်ဝတ်စုံဝတ်သူတွေနဲ့ ရဲဝတ်စုံဝတ်သူတွေကိုပါ မတွေ့ရတော့ပါဘူး။

အရပ်ဝတ်နဲ့လူတွေ ရဲကားပေါ်မှာ ထိုင်လိုက်ပြီး ကားထဲကနေ လမ်းသွားလမ်းလာတွေကို လိုက်လံကြည့်ရှုနေတာကို တွေ့ရတာပါ။ Double Cab တင်မဟုတ်ဘဲ အိမ်စီးကားတွေ‌နဲ့ပါ လှည့်လည် သွားလာနေတာကို တွေ့နေရပါတယ်။

အရပ်ဝတ်နဲ့သူတွေက ဘယ်သူတွေလဲလို့ အတပ်မပြောနိုင်ပါဘူး။ ဒီလို အရပ်ဝတ်နဲ့သူတွေ ရဲကား၊ စစ်ကား အသေးပေါ်မှာ လှည့်လည်နေကြချိန်မှာ လမ်းသူလမ်းသားတွေဆီက စကားသံတွေကို ထပ်ကြားရပြန်ပါတယ်။

“ဒလသင်္ဘောဆိပ်မှာ အိမ်ပြန်နောက်ကျလို့ ၃ သိန်း ပေးလိုက်ရတယ်။ သူ့ကို ပြောတာပဲ၊ ဆိုင်ကို အစောကြီးပိတ်ပါ၊ နောက်ကျခံပြီးရောင်းလည်း လေးငါးထောင်ဖိုးလောက်ပဲ ရမှာ။ ကိုယ်က အခန့်မသင့်လို့ ပေးရရင် ဒီထက် ပိုနစ်နာမှာ။”

လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတွေက ရောင်းရေးဝယ်တာ လုပ်ကိုင်ရင်း အိမ်အပြန်လမ်းမှာ အရပ်ဝတ်နဲ့လူတွေရဲ့ ငွေညှစ်တာကို ခံလိုက်ရတဲ့ မိတ်ဆွေဘက်က နာကြည်းစိတ်နဲ့ ပြောနေတာပါ။

ရန်ကုန်မြို့ပေါ်ကို တနယ်တကျေးက အလုပ်လုပ်ဖို့ ရောက်ရှိလာသူတွေ၊ ပညာရှာဖို့ ရောက်ရှိလာသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာတွေကို ရန်ကုန်မြို့ကြီးက လုံခြုံမှုမပေးနိုင်တော့ဘဲ အခုတော့ သူတို့အားလုံးကို စစ်မှုထမ်းဥပဒေက နေ့ရောညပါ ခြောက်လှန့်လို့ နေပါတော့တယ်။

လမ်းဘေးဈေးဆိုင်ငယ်လေးတွေနဲ့ ဆိုင်ကြီးတွေပါ အချိန်စောသိမ်းကြရတဲ့ အခြေအနေမျိုး ဆိုက်ရောက်လာပါတယ်။

စက်ရုံအလုပ်သမားတွေက ညပိုင်းအချိန် အိမ်အပြန်လမ်းပေါ်မှာ ပေါ်တာအဆွဲခံရမှာကို စိုးပြီး အလုပ်ချိန် စောဆင်းပေးဖို့ တောင်းဆိုလာတာတွေ ရှိလာပါတယ်။

မြို့ပြကြီးက တိတ်တဆိတ် ပုန်းခိုနားခိုခွင့် ပေးထားပေမဲ့ အခန်းတံခါးကို ရိုက်ဖွင့်ပြီး ခေါ်ထုတ်သွားမယ့် စစ်မှုထမ်းဥပဒေက နေ့ရောညပါ ခြောက်လှန့်လို့ နေပါတယ်။

စစ်မှုထမ်းဥပဒေက လူငယ်တွေအတွက် အဓိက စိုးရိမ်စရာ ဖြစ်လာပါတယ်။ စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထားပြီး ခေါ်ယူသွားမယ်ဆိုတာ စစ်မှုထမ်းဥပဒေရဲ့ အသက် ကန့်သတ်ချက်တွေကို ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းစစ် တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူလာတဲ့ သူတွေကို တပ်အင်အား ဖြည့်တင်းဖို့အတွက်နဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့ နေရာတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ အထုပ်အပိုးတွေ၊ စားရေရိက္ခာထုပ်တွေ သယ်ပေးရတဲ့ နေရာတွေမှာ အသုံးချသွားမှာ ဆိုတဲ့ အချက်တွေက စစ်မှုထမ်းဥပဒေက သတ်မှတ်တဲ့ အသက်ကန့်သတ်ချက်ထဲ အံဝင်နေကျသူတွေကြား စိုးရိမ်ထိတ်လန့်နေကြရတာပဲ ဖြစ်ပါတယ်။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024