Home
မြန်မာသတင်း
ရန်ကုန်တိုင်း  မြို့နယ်အချို့တွင်  စစ်ကောင်စီက ဧည့်စာရင်းစစ်
DVB
·
March 1, 2024
YANGON-09-9-2023

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့ရှိ ရပ်ကွက်တွေမှာ  စစ်ကောင်စီက အခုရက်ပိုင်း ဧည့်စာရင်းစစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အင်းစိန်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ် အစရှိတဲ့ မြို့နယ်တွေအတွင်းက ရပ်ကွက်တွေထဲကို အခု ဖေဖော်ဝါရီလလယ်ပိုင်းကစပြီး  ရပ်ကွက်တွေရဲ့ အတွင်းပိုင်းထိ ဧည့်စာရင်းစစ်တာတွေ လုပ်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်မှာ နေထိုင်သူတဦးက “တခါမှ မဝင်စစ်ဘူးတော့ စစ်တဲ့အချိန်မှာ လန့်ဖျပ်ပြီး ဘာလုပ်လို့လုပ်ရမယ်မှန်း မသိဘူး။ သူတို့စစ်တာကလည်း နာမည်ခေါ်ရင် ဗျာ၊ ရှင် မထူးနဲ့၊ ရှိရင် ရှိ ဆိုတာမျိုးပဲ ပြန်ဖြေခိုင်းတယ်” လို့ ပြောပါတယ်။

အဲ့ဒီလို ဧည့်စာရင်းစစ်တာဟာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် လူငယ်တွေကို မတရားဖမ်းဆီး ငွေညှစ်မှုတွေနဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ရန်ကုန်မြို့က စစ်တပ်နဲ့ပတ်သက်တဲ့ နေရာတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ဧည့်စာရင်းစစ်တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက သုံးသပ်ပါတယ်။

မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတဦးကလည်း “ဧည့်စာရင်းထဲမှာ တဦးဦးက ခရီးသွားနေရင် ဘယ်သွားတာလဲ၊ ဘာလုပ်ဖို့သွားတာလဲ၊ ဘယ်တော့ပြန်လာမှာလဲ ဆိုတာတွေ မေးတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဘယ်နှစ်ဦးရှိလဲဆိုတာ အကုန်မေးတာ။ ကောင်းကောင်းနေ၊ နောက်တခါ ပြန်မလာချင်ဘူး ဆိုတာမျိုးတွေ ပြောပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မှာ ဧည့်စာရင်းစစ်မယ်ဆိုရင် ရဲဝန်ထမ်းဟောင်း၊ စစ်မှုထမ်းဟောင်းတွေ နေထိုင်တဲ့ နေရာတွေကို စစ်လေ့မရှိဘဲ အပိုင်ရာအိမ်မှူးတွေ လက်ညှိုးထိုး စစ်ခိုင်းတဲ့ နေအိမ်တွေကိုသာ စစ်လေ့ရှိတယ်လို့ သိရပါတယ်။

ဧည့်စာရင်းစစ်ဆေးချိန်မှာ ဧည့်စာရင်း ရက်ကျော်တဲ့ နေအိမ်၊ ဧည့်စာရင်း မတိုင်ထားတဲ့ နေအိမ်တွေကို ရဲစခန်းကို ခေါ်ဆောင်တတ်ပြီး မနက်မှ ငွေနဲ့ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013