ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်ဆိုရင် နျူးကလီးယားစစ်ပွဲ ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၉ ရက်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို သတိပေး ပြောကြားလိုက်ပါတယ်။
ဖင်လန်နဲ့ ဆွီဒင်တို့ကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ကို ဝင်ခွင့်ပေးပြီးနောက်မှာ ရုရှားဟာ သူ့ရဲ့ အနောက်ဘက် စစ်ရေးနယ်မြေကို အားကောင်းအောင် လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။
အရှေ့ဘက်ကို နေတိုးရဲ့ နောက်ထပ်တိုးချဲ့မှု၊ မဟာမိတ်အဖွဲ့မှာ ဆွီဒင်နဲ့ ဖင်လန်တို့ ပါဝင်လာမှုနဲ့ ဆက်စပ်ပြီး ခြိမ်းခြောက်မှုတွေ ပြေပျောက်သွားအောင် အနောက်ဘက် မဟာဗျူဟာလမ်းကြောင်းမှာ တပ်ဖွဲ့အင်အားကောင်းအောင်လုပ်ဖို့ လိုအပ်ကြောင်း မော်စကိုပါလီမန်မှာ သမ္မတ ပူတင်က သူ့ရဲ့ နှစ်စဉ်မိန့်ခွန်းထဲမှာ ပြောသွားတာပါ။
“ယူကရိန်းကို နေတိုးစစ်ရေးတပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ခြေကို သူတို့က ပြောဆိုနေကြပြီး ရုရှားမှာလည်း လက်နက်တွေရှိတယ်။ သူတို့နယ်မြေမှာရှိတဲ့ ပစ်မှတ်တွေကို ထိမှန်နိုင်တဲ့ လက်နက်တခုလည်း ရှိနေပြီ။ သူတို့က နျူးကလီးယားလက်နက်နဲ့ ပဋိပက္ခဖြစ်နိုင်ခြေ များတယ်ဆိုပြီး တကမ္ဘာလုံးကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာ။”
အချုပ်အခြာအာဏာပိုင်ပြီး အင်အားတောင့်တင်းတဲ့ ရုရှားမရှိရင် တည်ငြိမ်တဲ့ ကမ္ဘာ့စနစ် မဖြစ်နိုင်ဘူးလို့လည်း သမ္မတ ပူတင်က ပြောသွားပါတယ်။
ရုရှားဟာ ပင်လယ်ပြင်အခြေစိုက် တိုက်ပွဲတွေမှာ အသံထက်မြန်တဲ့ ဇာကွန်ဒုံးကျည်တွေ အပါအဝင် အဆင့်မြင့်လက်နက်စနစ်တွေကို အသုံးပြုခဲ့ကြောင်းနဲ့ အဲဒါကြောင့် ယူကရိန်းမှာ စစ်ရေးအရ အသာစီးရခဲ့တယ်လို့လည်း ထည့်သွင်းပြောသွားပါတယ်။
အသံထက်မြန်ပြီး ရှုပ်ထွေးတဲ့ ကင့်န်ဇ်ဟားလ် ဒုံးကျည်စနစ်၊ အသံထက်မြန်တဲ့ အာဗန်ဂါ့ဒ် လေလွင့်ဝဲပျံယာဉ်နဲ့ ပီရီစ်ဗက်ထ် လေဆာစနစ်တွေကို တိုက်ခိုက်ရေးမှာ သုံးစွဲနေကြောင်းလည်း ဆိုပါတယ်။
ဒါ့အပြင် ဘူရီဗိစ်နစ် နျူးကလီးယားသုံး ခရုဇ်ဒုံးကျည်နဲ့ ပိုဆေဒုန် ရေအောက်ဒရုန်းတွေလည်း စမ်းသပ်မှုတွေက ပြီးလုနီးပါး ဖြစ်နေပြီလို့လည်း ပူတင်က ပြောပါတယ်။
ဆာမတ် ပဲ့ထိန်းဒုံးကျည်တွေကိုလည်း တပ်ဖွဲ့တွေဆီ ပေးပို့ထားပြီး မကြာခင်မှာ သူတို့တာဝန်ကျတဲ့ နေရာတွေမှာ အဲဒီလက်နက်တွေကို မြင်တွေ့ရမှာဖြစ်တယ်လို့ ပြောသွားပါတယ်။
ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ့် ဖြစ်နိုင်ခြေကို ပြင်သစ်က အရိပ်အမြွက် ပြောကြားပြီးနောက်မှာ အမေရိကန်နဲ့ အဓိက ဥရောပမဟာမိတ်တွေက အဲလိုစေလွှတ်မယ့် အစီအစဉ် မရှိကြောင်း အခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters