တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ ကော့သောင်းအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၀ ဝန်းကျင် ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် မနက် ၃ နာရီဝန်းကျင်မှာ မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၁၀၀ နဲ့ အကျဉ်းသူ ၅၀၊ စုစုပေါင်း အယောက် ၁၅၀ ကို ရေကြောင်းနဲ့ ကော့သောင်းအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့လက်ရှိစုံစမ်းထားတာက နိုင်ငံရေးအကျဉ်းသား ၇၀ ဦးဝန်းကျင် ပါသွားတယ်။ တနင်္သာရီအချုပ်ကနေ လုံခြုံရေးမပေးနိုင်တဲ့ အရေးကြီးတဲ့ နိုင်ကျဉ်းတွေကို မြိတ်အကျဉ်းထောင်သို့ ရွှေ့ထားတာရှိတယ်။ အဲဒီအကျဉ်းသားတွေအပါအဝင် မြိတ်အကျဉ်းထောင်မှာရှိခဲ့တဲ့ နိုင်ကျဉ်းတွေ ပေါင်းပြီး ရွှေ့လိုက်တာပါ။ တခြားအကျဉ်းသားတွေက မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ကြီးအကျဉ်းသားတွေပါဝင်တယ်” လို့ ပြောပါတယ်။
အခုလို ထောင်ပြောင်းရွှေ့တာကြောင့် အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ အခက်အခဲ ကြုံကြရတယ်လို့ ဆိုပါတယ်။
“အကျဉ်းဦးစီးဌာနတွေ တနှစ်မှာ အကျဉ်းသားတွေကို အကျဉ်းထောင် ၇ ခုကနေ ၁၀ ခုလောက် ပြောင်းရွှေ့တာရှိတယ်။ ဒီလိုမျိုးထောင်ပြောင်းလိုက်ခြင်းအားဖြင့် အကျဉ်းသားတွေရော၊ မိသားစုဝင်တွေရော ဒုက္ခရောက်မယ်။ ဒါကတော့ ခေတ်ဆက်ဆက်မှာ လူတွေမမြင်တဲ့ အကျဉ်းဦးစီးဌာနက ညှဉ်းပန်းနှိပ်စက်မှုလို့ပဲမြင်တယ်။ နောက်တခုက စစ်ရေးအခြေအနေရ ကြိုတင်ခန့်မှန်းပြီးတော့ ရွှေ့တာဖြစ်နိုင်တယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးကျဉ်းသားရဲ့ မိသားစုဝင်တဦးက “အိမ်ကိုတော့ အကျဉ်းထောင်ကနေပြီး စာနဲ့ အကြောင်းကြားတယ်။ ကိုယ့်နေရာမဟုတ်ဘဲ တခြားနေရာ ရွှေ့ပြောင်းခံတော့ ပါဆယ်ပို့ဖို့ အခက်အခဲတွေတော့ ရှိတာပေါ့” လို့ ပြောပါတယ်။
ကော့သောင်းဒေသခံတဦးက "၂၉ ရက်နေ့ မနက်ပိုင်းက ကော့သောင်း၊ ကမ်းနားဆိပ်ခံတံတားကနေ နိုင်ကျဥ်း နှစ်ကြီးသမား ၄၅ ယောက်ပဲ တွေ့ရတယ်။ ကျန်တာတော့ မသိရဘူး" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားပေါင်း အယောက် ၃၀၀ ကို မြိတ်အကျဉ်းထောင်ကနေ ကော့သောင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။