Home
မြန်မာသတင်း
NUG နိုင်ငံခြားရေးဝန်ကြီး ပြင်သစ်လွှတ်တော်အမတ်များနှင့် မြန်မာ့အရေးဆွေးနွေး
DVB
·
March 1, 2024
NUG 132024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်အထက် လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေနဲ့ တွေ့ ဆုံပြီးတော့ မြန်မာ့အရေး လက်တွေ့ကျကျ ကူညီနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

ပြင်သစ်အထက် လွှတ်တော်အမတ် မစ္စတာ ပါစကယ် အလီဇာဒ်နဲ့ ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးမှုမှာတော့ မြန်မာ့အရေးကို လက်တွေ့ကျတဲ့ အကူအညီပေးနိုင်ဖို့နဲ့ တော်လှန်ရေးရဲ့ တိုးတက်မှုအခြေအနေ၊ မြေပြင်အခြေအနေတွေအပါအဝင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့ အပြန်အ လှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စတာ ပါစကယ် အလီဇာဒ်ဟာ ၂၀၂၁ ခုနှစ်၊ ပြင်သစ်အထက်လွှတ်တော်မှာ NUG အစိုးရကို ပြင်သစ်အစိုးရက အသိအမှတ်ပြုရေးအဆို ဦးဆောင်တင်သွင်းခဲ့သူဖြစ်ပြီး မြန်မာပြည်သူတွေဘက်က  ဆက်လက်ရပ်တည်ပြီး ကူညီပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အောက်လွှတ်တော် အမတ် မစ္စတာ အေလိန်း ဒေးဗစ်၊ ဒုဥက္ကဋ္ဌ တို့နဲ့ တွေ့ဆုံဆွေးနွေးမှုမှာလည်း မြန်မာ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြင်သစ်နိုင်ငံက ပါဝင်ကူညီနိုင်မယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အဖွဲ့ဟာ ပြင်သစ်အလွတ်တန်း သတင်းထောက် မစ္စတာ အွန်တွမ်း ဗီဒီ‌ယေးရဲ့ ဖိတ်ကြားချက်အရ ပြင်သစ်-ဂျာမန်တီဗွီချယ်နယ် ARTE မှာ ထုတ်လွှင့်ပြသမယ့် Birmanie: L'armée des ombres (အရိပ်ထဲကပြည်သူ့တပ်မတော်) အမည်ရှိ ရုပ်ရှင်မှတ်တမ်းပြပွဲကိုလည်း သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။

ဒီရုပ်ရှင်မှတ်တမ်းကတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်  PDF တွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒါ့အပြင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ​ရဲ့ ပကတိအခြေအနေမှန်တွေနဲ့ လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ တော်လှန်ရေး ဖြစ်စဉ်တွေ၊ မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေကို  ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Photo-NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024