ဂါဇာစီးတီးအနီးမှာ အကူအညီပစ္စည်းတွေ စောင့်ဆိုင်းနေတဲ့ လူအုပ်ကို အစ္စရေးက ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၁၂ ဦး သေဆုံးပြီး ၇၈၀ ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဆေးရုံတရုံမှာ ရုပ်အလောင်း ၁၀ လောင်းနဲ့ ဒဏ်ရာရလူနာ ဒါဇင်ပေါင်းများစွာကို လက်ခံရရှိခဲ့ကြောင်း ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၉ ရက်မှာ စွပ်စွဲ ပြောပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီကတော့ အဲဒီနေရာကို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကလုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဂါဇာမြောက်ပိုင်းကို ကယ်ဆယ်ရေး ထရပ်ကားတွေ ရောက်ရှိလာချိန်မှာ တွန်းထိုး နင်းမိတာကြောင့် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
သေဆုံးသူအများစုဟာ ကယ်ဆယ်ရေး ထရပ်ကားတွေနဲ့ တိုက်မိခဲ့ကြတယ်လို့ အစ္စရေးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် အစောပိုင်းမှာ အစ္စရေးစစ်တပ် အရာရှိတဦးက ဖြစ်ရပ် ၂ ခု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပြီး ပထမဖြစ်ရပ်မှာ ထရပ်ကားတွေဆီက အကူအညီ ပစ္စည်းတွေကို ရယူဖို့ ကြိုးစားရင်း လူအုပ်နင်းမိတာနဲ့ ကားတိုက်မိတာကြောင့် လူဒါဇင်နဲ့ချီ သေကျေ ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယဖြစ်ရပ်ကတော့ ထရပ်ကားတွေ မောင်းဝင်လာချိန် လူအုပ်အတွင်းက တချို့ဟာ ခြိမ်းခြောက်မှုခံနေရတဲ့ တပ်ဖွဲ့ဝင်တွေဆီ ချဉ်းကပ်လာချိန်မှာ တပ်ဖွဲ့ဝင်တွေက အခြေအနေအရ တုံ့ပြန်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ကြပြီး အရေအတွက် အတိအကျ မသိရှိကြောင်း ဆိုပါတယ်။
ထရပ်ကားတွေကို စောင့်ကြပ်ပေးနေတဲ့ အစ္စရေးတင့်ကားတွေက လူစုခွဲပြီး နောက်ပြန်ဆုတ်ကြဖို့ သတိပေး ပစ်ခတ်ခဲ့တာဖြစ်ပြီး အကူအညီပေးရေး ယာဉ်တန်းကို IDF က တိုက်ခိုက်ခဲ့တာ လုံးဝမရှိဘူးလို့ အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဖေဖော်ဝါရီ ၂၉ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။
IDF ဟာ လူသားချင်း စာနာထောက်ထားမှုစင်္ကြံကို လုံခြုံအောင်လုပ်ဖို့နဲ့ ထောက်ပံ့ရေးယာဉ်ကို သတ်မှတ်ထားတဲ့ ဖြန့်ဖြူးရေးနေရာအထိ ရောက်အောင် ခွင့်ပြုပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ စစ်ဆင်ရေးကို အဲဒီမှာ ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ရက်သတ္တပတ်တွေအတွင်း အရပ်သား အများအပြား အသက်ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်ကတော့ နာဘူလ်ဆီအဝိုင်းမှာ ကယ်ဆယ်ရေးထရပ်ကား စောင့်ဆိုင်းနေသူတွေကို အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်အတွက် ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားစေနိုင်တယ်လို့ ဟားမတ်စ်က သတိပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို အရေးတကြီး ရှာဖွေနေပြီး အစ္စရေးက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောထားတဲ့ အဖြေတွေရဖို့ ဝါရှင်တန်က တွန်းအားပေးပါလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
Source/Photo-Reuters