စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် ည ၈ နာရီခွဲလောက်က ချင်းတိုင်းရင်းသူ အသက် ၄၆ နှစ်အရွယ် ဘီဘီယာနာဒိမ်ဒိတ်လွန်ဟာ တောင်ဖီလာရပ်ကွက်ကနေ မိသားစုနဲ့အတူ ကျေးရွာကိုပြန်စဉ် လမ်းမှာ လက်နက်ကြီး ထိမှန်ခဲ့တာပါ။
ကလေးဒေသခံတဦးက “ကြို့သုံးပင်ဘက်ကနေ တောင်ဖီလာဘက်ပြောင်းပြီး စစ်ရှောင်နေတာ။ စက်မှုဇုန်နဲ့ ကြို့သုံးပင်ဘက်က တိုက်ပွဲတွေဖြစ်တယ်လေ။ အခု အဲ့ဘက်က ငြိမ်သွားလို့ ပြန်တာ လမ်းမှာ လက်နက်ကြီးမှန်ပြီး ပွဲချင်းပြီးဆုံးသွားတာ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင် ၃ ဦးလည်း ခြေထောက်၊ ကျောပြင်၊ ရင်ဘတ် စတဲ့နေရာတွေမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဆေးကုသမှု ခံယူနေကြရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်က စတင်ပြီး နေ့စဉ် စစ်ကောင်စီက ကလေးမြို့အနီးတဝိုက်က တိုက်ပွဲတွေကို မြို့တွင်း အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာပါ။
ဖေဖော်ဝါရီ ၂၃ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်တာကြောင့် လယ်ခြားကျေးရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်အေသင် သေဆုံးခဲ့ပါသေးတယ်။