ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီရဲ့ စျာပနအခမ်းအနား ကျင်းပဖို့ ပြင်ဆင်ရာမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပြီး ခြိမ်းခြောက်ခံထားရတာကြောင့် အသုဘချခါနီးအထိ နိဗ္ဗာန်ယာဉ်တောင် ငှားမရဘူးလို့ စျာပနကျင်းပရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စျာပနအခမ်းအနားကို မော်စကိုမြို့ပြင် မာယီနိုအရပ်မှာ မတ် ၁ ရက်နေ့ ကျင်းပဖို့ ပြင်ဆင်ထားတာပါ။
“ဘယ်သူမှန်းမသိတဲ့သူတွေက ရေခဲတိုက်တွေကို ဖုန်းဆက်ပြီး အလက်ဇီရဲ့အလောင်းကို လက်မခံဖို့ ခြိမ်းခြောက်ကြတယ်လို့ သိရပါတယ်” လို့ နာဗယ်လ်ညီရဲ့ ပြောခွင့်ရအမျိုးသမီး ကီယာယာမစ်ရှ်က ပြောပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားကို မော်စကိုမြို့ရှိ ဘုရားကျောင်းတခုမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ကျင်းပပြီး ညနေ ၄ နာရီမှာ ဘိုရီဆော့ဗ်ဆကိုရီ သင်္ချိုင်းမှာ မြှုပ်နှံမှာဖြစ်ပါတယ်။ အသုဘအခမ်းအနားကို နာဗယ်ညီရဲ့ ယူကျုချန်နယ်ကနေ တိုက်ရိုက်လွှင့်မှာဖြစ်ပါတယ်။
နာဗယ်လ်ညီဟာ အာတိတ်ဒေသက အကျဉ်းစခန်းမှာ ထောင်ဒဏ်ကျခံနေရစဉ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
စျာပနကျင်းပရေးအဖွဲ့က ပြည်သူတွေတက်ရောက်ဖို့ နှိုးဆော်ထားပြီး ဘုရားကျောင်းနဲ့ သင်္ချိုင်းအကြား လမ်းကြောင်းမြေပုံ မျှဝေထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ ဥရောပက ရောမ၊ စတော့ဟုမ်း၊ ကနေဒါက မွန်ထရီရယ်အထိ ကမ္ဘာတဝန်းမှာ ပြုလုပ်မယ့် အောက်မေ့ဖွယ် အခမ်းအနားတွေမှာလည်း တက်ရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters