တော်လှန် ဘဝ၊ ဆရာမ လည်း
ကျပန်း တဖုံ၊ ဘဝ စုံသည်
ဗေဒါ တလှည့်၊ ကြာတလှည့်။ ။
ဒီနေ့ခေတ်ရဲ့ မြန်မာ့ဇာတ်ခုံ ပြဇာတ်အစုံအလင်ကတော့ ပိတ်ကားပေါ်က မျက်လှည့်ပွဲပမာ ပါပဲရှင်။ ဆန်ကောထဲ ဆီးဖြူသီးထည့် အလှိမ့်ခံကြရသလိုပေါ့။ ဘဝရဲ့ ဖြစ်ပုံ အခြေအနေ မျိုးစုံဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ကြားထဲမှာ ဒရောသောပါး လိုက်ပါသွားလာ နေကြရပါတယ်။ အစက အခြေအနေ ကျနခဲ့ပြီးသား ဘဝတွေဟာ ခံယူချက်နဲ့ စိတ်ဓာတ်ရဲ့ စေရာနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားလာ နေကြရပါတယ်။ အရင်ကဆို ရွှေထီးဆောင်းခဲ့တာတွေကို ခဏမေ့ထားလို့ ကျရာဘဝမှာ ရရာအလုပ်တွေကို လုပ်လို့ ဘဝကို ဇွဲသန်သန်နဲ့ ရုန်းကန်နေကြသူများမှာ တချိန်က နယ်ပယ်အသီးသီးက ဆရာအခေါ်ခံခဲ့ကြရသူတွေ ဖြစ်ကြပါတယ်။ အလုပ်နယ်ပယ် အသီးသီးက ဆရာလို့ သတ်မှတ်ခံခဲ့ကြရသူတွေဟာ နိုင်ငံရေးမုန်တိုင်းအောက်မှာ ရပ်တည်ရေးအတွက်၊ ရှင်သန်ရေးအတွက်နဲ့ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေကြတာဟာ တချိန်က “ကြာ” တဖြစ်လဲ “ဗေဒါ” များပမာပင် ဖြစ်ပါတယ်။
အဆန်လှေဖြစ်သည်
ဝေစုတောင်းလျှင်
လှော်တက်တချောင်းစီရမည်။ ။
(မင်းကိုနိုင်)
ရောက်ရာ ကျရာ နယ်မြေအသစ်မှာ ပါလာတာလေးတွေ စားလို့၊ သုံးစွဲလို့ တစစ ကြာလာတဲ့အခါ ဗလာလက်နဲ့ အခက်တွေများ ရှေ့သွားမည့်လမ်း စမ်းတဝါးဝါး ဖြစ်နေကြရပါတယ်ရှင်။ ဟိုလူ့အားကိုး ရနိုးနိုး၊ ဒီလူ့အားကိုး ရနိုးနိုးငယ်နဲ့ တောင်မင်းကို မြောက်မင်းမကယ်နိုင်သလို မြောက်မင်းကို ကယ်ရဖို့လည်း တောင်မင်းက မတတ်နိုင်တော့တဲ့ အနေအထား ဖြစ်လာနေပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘုရား ဟောကြားခဲ့သလို အမှီကောင်းက အင်မတန် အရေးကြီးလာပါတယ်။ ဘဝအကြောင်းက အမှီကောင်း ရခဲ့သူများကတော့ ရှေးပညာရှင်များ ပြောခဲ့သလို ကံကောင်းသူကို ရေထဲပစ်ချတဲ့အခါ ငါးတကောင်ကိုက်ကာ ပြန်တက်လာသလိုပါပဲ။ ကျရာနေရာ ရေကန်အသင့် ကြာအသင့် ဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာလည်း အနည်းစု ဖြစ်တတ်ပါတယ်။ အများစုက ရုတ်တရက် လှိုင်းအဝှေ့မှာ တွေ့ရာကြိုးပမ်း လန်းကြရပါတယ်။
အရင်က ရွှေအိမ်စံဘဝတွေကို ခဏမေ့ပြီး နိုင်ငံအတွက် တထောင့်တနေရာက ရရာ “တက်” နဲ့ လှော်ခတ်နေကြတာဟာ အားရစရာပါ။ အလုပ်မျိုးစုံဟာ ငါ့အလုပ်မဟုတ်လို့ မတွေးရဲ၊ အိမ်က ကျန်တဲ့မိသားစု စားဖို့ မျက်လွှာချကာ ကြိုးစားကြရပါတယ်။ ရရာလုပ်ကြရတဲ့အခါ လုပ်ငန်းမကျွမ်းကျင်တာတွေ၊ အပင်ပန်း မခံနိုင်တာတွေကြောင့် မျက်နှာမလှ သိက္ခာကျရတာတွေလည်း မျက်မြင်ပါပဲ။ ပိုကောင်းတာကတော့ လူတွေကို အထင်မသေးတတ်တော့တာပါ။ ဈေးသည်ဘဝ၊ ကျပန်းဘဝပေမဲ့ ပညာ၊ ရာထူး၊ အခွင့်ထူးတွေကို ခံယူချက်ကြောင့် စွန့်လွှတ်ထားသူတွေ ဖြစ်နေကြတာပါ။ ဒါကြောင့် လက်ရှိအလုပ်ကြောင့် မလေးမစား မလုပ်ကြဖို့ သင်ယူတတ်လာကြတာပါ။ ဒီအချိန်မှာ မင်းဘာ၊ ငါဘာ ပြောမနေကြတော့ဘဲ ရရာ၊ ကျရာ၊ နိုင်ရာထမ်းနေကြရင်း ခရီးဆက်နေကြတာဟာ မလေးစားဘဲ မနေနိုင်အောင်ပါပဲရှင်။
အာစရိယ
သူတို့ကပင်
ပျံကျဈေးသည်
ရောင်းဝယ်သူများဖြစ်ကြပြီ။ ။
သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စတဲ့ လုပ်ငန်းပေါင်းစုံမှာ ပါဝင်လှုပ်ရှားနေကြသူတွေသာ တချိန်က ဆရာဆိုသူတွေ ဖြစ်နေတတ်ကြပါတယ်။ ကယ်ရီလုပ်သားဆိုပြီး အထင်သေးလို့မရ၊ သူက ပညာရှင် ပညာတတ် အရာရှိ အရာခံ ဖြစ်နေတတ်ပြန်ပါတယ်။ သခွါးခင်းထဲ သခွါးသီးခူးနေတဲ့ အလုပ်သမလေးဟာ အထက်တန်းပြ ဆရာမလေးတယောက် ဖြစ်နေနိုင်ပါတယ်။ စားချင်စရာ မွှေ့ပျံ့သင်းနေတဲ့ မုန့်ဟင်းခါးရောင်းနေသူဟာ တချိန်က ကျောင်းအုပ်ဆရာမကြီးလည်း ဖြစ်နေတတ်ပါတယ်။ ကြုံရာကျပန်း လုပ်ကိုင်ရှာဖွေ စားသောက်နေကြသူတွေဟာ တချိန်က ဘောပင်ကိုင်ပြီး ပန်ကာအောက် အေးဆေးတဲ့ ဆရာအခေါ်ခံ ဘဝတွေကို နိုင်ငံကောင်းစားဖို့ စတေးထားခဲ့ကြသူတွေ ဖြစ်နေတတ်ပါတယ်။
ခံယူချက်နဲ့ ဝမ်းရေး ပြေးတွေ့နေကြရတဲ့အခါ ဘဝလမ်းက ကျပန်းဖြစ်ခဲ့ကြရပါတယ်။ ဒါတွေဟာ ပြန်ပြောတိုင်း ပြန်တွေးတိုင်း ရင်နင့်နင့် ရင်နာနာ ဂုဏ်ယူစရာလို့ ဆိုချင်ဆိုနိုင်ပေမဲ့ နောင်တရဖို့တော့ ဝေးစွခြောက်ပါးပါ။ နောက်ပြန်လှည့်စရာ လုံးဝကို မရှိတော့သလို။ နောက်ကို ပြန်လှည့်မှာလည်း မဟုတ်တော့ပါဘူး။ ကာလ ဒေသ အခြေအနေတခုကို ကျော်ဖြတ်ပြီးတဲ့အခါ ဟိုးအရင်အခြေအနေထက် ပိုကောင်းတဲ့ အနေအထားတခုမှာ အခြေကျတော့မှာမို့ နိုင်ငံရဲ့ စွမ်းအား အရင်းအမြစ်တခုဟာ အပြီးတိုင် ဆုံးရှုံးသွားနိုင်တာလည်း ပကတိ အရှိတရားပါပဲ။
ရေစီးကြမ်းကြမ်း
ဗေဒါလမ်းမှ
သောင်ကမ်းပြေရာ
မြန်မကြာမီ
ကပ်ကာခိုနားနိုင်ကြပါစေ။ ။
အချိန်တန်လို့ အိမ်ပြန်ကြတဲ့အခါ “ဗေဒါ” တဖြစ်လဲ “ကြာ”ပမာ ဆရာဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ ဝင့်ထည့်စွာ ကြုံတွေ့ကြဦးမှာပါပဲ။ မြန်မာ့သမိုင်းတကွေ့မှာ တော်လှန်ရေးသမားများ တဖြစ်လဲ နယ်ပယ်အသီးသီးက ဆရာတွေဟာ ဖြေသာစရာ ကျေနပ်မှုမျိုးနဲ့ ဆက်လက် လျှောက်လှမ်းနေကြရပါလိမ့်ဦးမယ်။ ခိုလှုံရာ နေရာအသီးသီးက နွေးထွေးမှုတွေကို ပြန်ပြောင်း သတိရ ကျေးဇူးတင်နေကြမှာ ဖြစ်သလို ခေါင်းကျက် ခေါင်းစား အမြီးကျက် အမြီးစား ရှင်ကြီး ရှင်ငယ်များကိုလည်း ပြုံးပြီး သတိရနေကြဦးမှာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာ့သမိုင်းတကွေ့မှာ ဖားနဲ့ ငါး ကွဲခဲ့ပြီ ဖြစ်သလို ကျားနဲ့ နွားလည်း ကွဲခဲ့ပြီ ဖြစ်ပါတယ်။ ဖျောက်မရတဲ့ အတိတ်ရဲ့ စာမျက်နှာများအတွက် ပြန်မရနိုင်တော့လောက်အောင် ပေးဆပ်ခဲ့ရသူတွေအတွက် တွေးမိတိုင်း ဆွေးကြရတော့မှာ ဖြစ်သလို သူတို့အတွက် ဂုဏ်လည်း ယူကြရဦးမှာပါပဲရှင်။ ဘာပဲဖြစ်ဖြစ် ဆရာတို့ရေ သုံးခါမြောက်နွေဦးမှာ လေရူးအဝှေ့တွေကြားမှာ ဆောက်တည်ရာရနိုင်ကြဖို့ ဆက်လက်ရှင်သန်နေကြဖို့ တပေါင်းမာန် မောင်းပြန်တွေ အစွမ်းပြကြရအောင်ပါ။ မြန်ပြည်နွေ အဆွေးပြေဖို့ သင်္ကြန်တန်ခူးမှာ တူစုံညီ အတူမြူးနိုင်ဖို့ ဘိုးသကြားမင်းကြီးက တိုးပွားလို့သာ မ စ ပါစေကြောင်း ဆုမွန်ကောင်း တောင်းကြရအောင်ပါ။ အို ဘိုးတော်သိကြားမင်း တခါကြွရင် ရန်အပေါင်းကုန်မယ့် ဝရဇိန်လက်နက်နဲ့ ကောင်းသူအပေါင်းကို ကယ်မတော်မူပါ။ မြန်မာပြည် နယ်ပယ်အသီးသီးက နွေဦးချိန်ခါ တိုက်ပွဲဝင် ဆရာအပေါင်း မြစ်ချောင်းရေ စီးကြောင်းမှ ဗေဒါများလို ဆက်လက် ကြံ့ကြံ့ခံရင်း မဝေးတော့တဲ့ကာလ တွေ့ရကြုံရတော့မည့် နှစ်သစ်၊ ပြည်သစ်၊ စနစ်သစ်မှာ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝ အေးမြနိုင်ကြပါစေ။ ။
သန့်ကေသာ (CDM ကျောင်းဆရာမတဦး)