ဘရာဇီးနိုင်ငံ မြို့တော် ဘရာစီလီယာရဲ့ အပြင်ဘက်ရှိ သစ်တော ၂၀ ရာခိုင်နှုန်းကို ၂ ရက်ကြာ တောမီး အကြီးအကျယ်လောင်ကျွမ်းမှု အတိုင်းအတာကို စက်တင်ဘာ ၄ ရက်မှာ မီးသတ်သမားတွေက အောင်အောင်မြင်မြင် လျှော့ချနိုင်ခဲ့ပါတယ်။
မီးသတ်သမားတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေဆီ မီးမကူးစက်အောင် ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရပြီး အနီးနားရှိ လယ်သမားတွေရဲ့ ဥယျာဉ်ခြံတွေဆီ မီးကူးစက်ခြင်းကို ရပ်တန့်နိုင်ခဲ့တယ်လို့ ဘရာဇီးမီးသတ်သမား ဂိုဒွိုင်က ပြောပါတယ်။
မီးလောင်ကျွမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတခုလို့ ပြောခဲ့ပေမဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခံရတာ ဟုတ် မဟုတ် အတည်မပြုနိုင်သေးဘူးလို့ သစ်တောကို စီမံခန့်ခွဲတဲ့ ဖာဘီယို ဒေါ့စ် ဆန်းတို့စ် မီရန်ဒါက ပြောပါတယ်။
စက်တင်ဘာလဟာ အမေဇုန်မှာတင်မဟုတ်ဘဲ ဘရာဇီးနိုင်ငံတခုလုံးမှာ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး အဆိုးဆုံးလ ဖြစ်နေတယ်လို့ အမေဇုန် သဘာဝပတ်ဝန်းကျင် သုတေသန အင်စတီကျုရှိ သိပ္ပံဒါရိုက်တာ အဲန် အလန်ကာက ပြောပါတယ်။
ရာသီဥတုအခြေအနေက မီးကူးစက်ပျံ့နှံ့မှုအတွက် အရမ်းကို ပံ့ပိုးပေးနေတာဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ လူတွေက မီးကို အသုံးပြုလိုက်ကြတာကြောင့် မီးလောင်မှုဖြစ်စဉ်က ပုံမှန်ထက် အဆမတန် ပိုများနေတယ်လို့လည်း ဆိုပါတယ်။
မီးလောင်ကျွမ်းမှုဟာ ခြောက်သွေ့ရာသီရဲ့ အထွတ်အထိပ်ကာလမှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အသီးအရွက်တွေ သွေ့ခြောက်ပြီးတော့ အပူချိန်မြင့်မားခြင်းကြောင့် မီးလောင်ကျွမ်းမှု မြန်ဆန်လာခဲ့ပါတယ်။
ဘရာစီလီယာ အမျိုးသားသစ်တောဟာ သစ်တောဧရိယာ ဟက်တာ ၅,၆၀၀ ကျော် ကျယ်ဝန်းတဲ့ သစ်တောထိန်းသိမ်းရေးနယ်မြေဖြစ်ပြီး မြို့တော်ရဲ့ ရေချို ၇၀ ရာခိုင်နှုန်း အရင်းအမြစ်ဖြစ်တဲ့ စမ်းချောင်းတွေကို အကာအကွယ် ပေးထားပါတယ်။
အေမဇုန် မိုးသစ်တောမှာ စံချိန်တင် မိုးခေါင်ရေရှားမှုကြောင့် ဩဂုတ်လ မိုးသစ်တော မီးလောင်မှုမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို တိုးလာခဲ့ကြောင်း စက်တင်ဘာ ၁ ရက်မှာ ပြသထားတဲ့ အစိုးရအချက်အလက်တွေအရ သိရပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် အယ်လ်နီညိုလို့ လူသိများတဲ့ ရာသီဥတုပုံစံကို ကြီးကြီးမားမား လွှမ်းမိုးခံခဲ့ရတာကြောင့် အထူးသဖြင့် အခုနှစ်မှာ မိုးသစ်တောတွေဟာ မီးလောင်ကျွမ်းမှုဒဏ်ကို ပိုခံခဲ့ရပါတယ်။
Source-Reuters