လူမှုမီဒီယာပလက်ဖောင်း X ဟာ ဘရာဇီးတရားသူကြီး အလက်ဆန်ဒရီး ဒီမိုးရာ့စ်ရဲ့ “ဆင်ဆာဖြတ်တောက်မှုအမိန့်” ကြောင့် ဘရာဇီးရှိ သူ့ရဲ့လုပ်ငန်းလည်ပတ်မှုတွေကို ချက်ချင်းပိတ်ပစ်တော့မှာ ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
ဘီလီယံနာ အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်ဟာ သူ့ပလက်ဖောင်းကနေ အကြောင်းအရာတချို့ကို ဖယ်ရှားဖြုတ်ချဖို့ ဥပဒေအမိန့်တွေကို မလိုက်နာဘူးဆိုရင် ဖမ်းမယ်ဆိုပြီး တောင်အမေရိကနိုင်ငံရှိ ကုမ္ပဏီရဲ့ တရားဝင်ကိုယ်စားလှယ်တဦးကို ခြိမ်းခြောက်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
“ဘရာဇီးမှာ X ရဲ့ ရုံးပိတ်ဖို့ ဆုံးဖြတ်ချက်က ခက်ခဲပေမဲ့ အလက်ဆန်ဒရီးရဲ့ တရားမဝင် လျှို့ဝှက်ဆင်ဆာဖြတ်တောက်မှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေကို သဘောတူခဲ့မယ်ဆိုရင်တော့ X ရဲ့ လုပ်ရပ်တွေကို အရှက်မရှိ ရှင်းပြနေစရာ အကြောင်းမရှိဘူးပေါ့” ဆိုပြီး X ပိုင်ရှင် အီလွန်မတ်စ်ခ်က သူ့အကောင့်မှာ ပို့စ် တင်ထားပါတယ်။
X လူမှုကွန်ရက် ဝန်ဆောင်မှုကို ဘရာဇီးပြည်သူတွေအတွက် ဆက်ရရှိနိုင်မယ်လို့ X ပလက်ဖောင်းက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
အခုနှစ် အစောပိုင်းမှာ ဘရာဇီးတရားသူကြီး မိုးရာ့စ်ဟာ လက်ယာစွန်းသမ္မတဟောင်း ဂျိုင်းရ် ဘော်လ်ဆိုနာရို အစိုးရ လက်ထက်တုန်းက သတင်းအတုတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေတယ်လို့ စွပ်စွဲခံထားရတဲ့ “ဒစ်ဂျစ်တယ်စစ်သွေးကြွ” ဆိုတဲ့ အကောင့်တချို့ကို ပိတ်ထားဖို့ X ကို အမိန့်ပေးခဲ့ပါတယ်။
ဘရာဇီး အဆင့်မြင့် ရွေးကောက်ပွဲတရားရုံး ဥက္ကဋ္ဌနဲ့ တရားရုံးချုပ် တရားသူကြီး အလက်ဆန်ဒရီး ဒီမိုးရာ့စ်က“လွတ်လပ်စွာ ပြောဆိုခွင့်ဟာ လွတ်လပ်စွာ ရန်လိုခြင်း မဟုတ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဒီမိုကရေစီ၊ အင်စတီကျူးရှင်းတွေ၊ လူ့ဂုဏ်သိက္ခာနဲ့ လူမှုဂုဏ်သိက္ခာတွေကို ဖျက်ဆီးမယ့် လွတ်လပ်မှုမဟုတ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အမုန်းစကားနဲ့ မလိုမုန်းထားမှုတွေကို ဖြန့်ဝေခြင်းမှ လွတ်မြောက်ခြင်းမဟုတ်”လို့ ပြောထားပါတယ်။
Source-Reuters