ဘရာဇီးနိုင်ငံမှာ ပျက်ကျခဲ့တဲ့ လေယာဉ်က ပျံသန်းမှုမှတ်တမ်းကို (သြဂုတ် ၉ ရက်) က ပြန်တွေ့ပြီလို့ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးစင်တာ (CENIPA) ရဲ့ အကြီးအကဲကို ကိုးကားပြီး ဩဂုတ် ၁၁ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အသံဖမ်းယူမှုတွေနဲ့ ပျံသန်းမှုဒေတာတွေပါတဲ့ black box ကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့ မိုရီနိုက သြဂုတ် ၁၀ ရက် မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
ဆောင်ပါလိုမြို့နားက ဗင်ဟေဒိုမြို့မှာ ဩဂုတ် ၉ ရက်က လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါတဲ့ လူ ၆၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။
ATR-72 turboprop လေယာဉ်ဟာ ပါရာနာပြည်နယ် ကက်စ်ကာဗယ်မြို့ကနေ ဆောင်ပါလိုမြို့ဆီ ထွက်လာချိန် မွန်းလွဲ ၁ နာရီခွဲလောက်က ပျက်ကျခဲ့တာပါ။ ဆောင်ပါလိုမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၅၀ အကွာ ဗင်ဟေဒိုမြို့ရဲ့ လူနေရပ်ကွက်အထဲကို ပျက်ကျတာ ဖြစ်ပေမဲ့ မြေပြင်ပေါ်က လူတယောက်မှ မထိခိုက်ခဲ့ပါဘူး။
လေယာဉ်ဟာ နေ့လယ် ၁း၂၁ နာရီအထိ ပုံမှန်အတိုင်း ပျံသန်းနေပြီး ခေါ်ဆိုတာတွေကို တုံ့ပြန်မှု ရပ်သွားရင်း မွန်းလွဲ ၁ နာရီ ၂၂ မိနစ်မှာ ရေဒါအဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဘရာဇီးလေတပ်က သတင်းထုတ်ပြန်ပါတယ်။
လေယာဉ်မှူးတွေက ဘယ်အရေးပေါ်အခြေအနေမျိုးကိုမှ သတင်းမပို့ခဲ့ဘူးလို့ မိုရီနိုက ပြောပါတယ်။
ဩဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီမှာ ရုပ်အလောင်း ၃၁ လောင်းထက်မနည်းကို ရှာတွေ့ခဲ့ပြီလို့ ဆောင်ပါလို ပြည်နယ်အစိုးရက ပြောပါတယ်။ ရုပ်အလောင်း အားလုံးကို ဆောင်ပါလို ရဲစခန်း ရင်ခွဲရုံဆီ ရွှေ့ထားပြီးပါပြီ။
Source-Reuters