Home
နိုင်ငံတကာ
ဘရာဇီးတွင် လူပေါင်း ၆၂ ဦး လိုက်ပါလာသည့် လေယာဉ်ပျက်ကျ၊ အသက်ရှင်သူ မရှိ
DVB
·
August 10, 2024
Photo -REUTERS

ဘရာဇီးနိုင်ငံ ဆောင်ပေါလိုအနီးမှာ သြဂုတ် ၉ ရက်က လူပေါင်း ၆၂ ဦး တင်ဆောင်လာတဲ့ တာဘိုပရော့ပ် လေယာဉ်တစင်းဟာ နေအိမ်တွေကြားထဲ ပျက်ကျခဲ့ကာ မီးလောင်သွားကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးသတ်သမားတွေနဲ့ အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၉ ရက် သောကြာနေ့မှာ ဆောင်ပေါ်လို မြို့တော်နယ်မြေ ဗင်န်ဟီဒိုမြို့ရှိ လေယာဉ်ပျက်ကျရာနေရာကို အပြေးအလွှား ရောက်ရှိလာကြပါတယ်။

ဒေသတွင်း လေကြောင်းလိုင်း Voepass ရဲ့ ပြောကြားချက်အရ ပါရနာပြည်နယ် ကာ့စ်ကာဗဲလ်မှ ထွက်ခွာခဲ့ပြီး ဆောင်ပေါလိုရဲ့ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဦးတည်သွားနေခဲ့တဲ့ အဲဒီလေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဆောင်ပေါလိုရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၈၀ အကွာရှိ ဗင်န်ဟီဒို မြို့မှာ ပျက်ကျခဲ့တာပါ။

ပျက်ကျသွားတဲ့‌ လေယာဉ်ဟာတာဝန်ရှိသူတွေဆီ အရေးပေါ် အစီရင်ခံမှု တစုံတရာ မရှိခဲ့ကြောင်း အာဏာပိုင်တွေက သောကြာနေ့မှာပဲ ပြောဆိုကြပါတယ်။

ဗင်န်ဟီဒို မြူနီစပယ်အနီးရှိ ဗာလင်ဟော့စ် ဧရိယာမှ မြို့တော်တာဝန်ရှိသူတွေ ပြောကြားချက်အရ အသက်ရှင်ကျန်ရစ်သူမရှိကြောင်းနဲ့ ဒေသခံ ကွန်ဒိုတိုက်ခန်းဝင်းထဲက နေအိမ်တလုံးသာ ထိခိုက်ပျက်စီးခဲ့ပြီး နေထိုင်သူတယောက်မှ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

ခရီးသည် ၅၈ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦးပါရှိတဲ့ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူတွေ အားလုံးအတွက် ၁ မိနစ် တိတ်ဆိတ်ပေးဖို့ သမ္မတ လူးဝစ်စ် အင်နာစီယို လူလာဒါဆေးလ်ဗားက ဆန်တာ ကက်ထရီနာမှာ ပြုလုပ်နေတဲ့ ပွဲတခုအတွင်းမှာ တောင်းဆိုခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးကုန်ပြီ လို့ ယူဆရကြောင်း ပြောပါတယ်။

စျေးကွက်ဝေစုအရ ဘရာဇီးရဲ့ စတုတ္ထအကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ Voepass ရဲ့ အော်ပရေးရှင်း အရာရှိချုပ် မာဆဲလ်မိုရာ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပျက်ကျခဲ့တဲ့ လေယာဉ်ကို မပျံသန်းခင် သြဂုတ် ၈ ရက်မှာ ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ပျံသန်းခြင်းကို ထိခိုက်စေမယ့် ဘယ်လို ထူးထူးခြားခြား နည်းပညာပြဿနာမျိုးမှ မရှိ၊ စက်ချို့ယွင်းမှု မရှိကြောင်း ပြောပါတယ်။

လေယာဉ်ပျံသန်းနေတဲ့ အမြင့်ပေမှာရှိနေတဲ့ ရေခဲတွေ ရှိမယ်လို့  ခန့်မှန်းထားပေမဲ့ လက်ခံနိုင်လောက်တဲ့ အကွာအဝေးထဲမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက်တွေဟာ ပြောဖို့စောလွန်းသေးပြီး လေယာဉ်အသံဖမ်းစက် ၂ ခုမှ အချက်အလက်တွေကို ရရှိထားပြီး အခု စုံစမ်းစစ်ဆေးသူ ၄ ဦးရဲ့ လက်ထဲကို ရောက်နေပြီလို့ ဘရာဇီး လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနအကြီးအကဲ လေတပ်မှူး မာဆဲလို မိုရေနိုက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013