Home
နိုင်ငံတကာ
မာဖီးယား စုံစမ်းစစ်ဆေးမှုအတွင်း အီတလီ စီးပွားရေးသမားကို ဘရာဇီးတွင် ဖမ်းမိ
DVB
·
August 14, 2024
Photo - REUTERS/Ueslei Marcelino

အီတလီ ဘဏ္ဍာရေးရဲတပ်ဖွဲ့ဟာ ခန့်မှန်းခြေ ယူရို သန်း ၅၀၀ တန်ကြေးရှိ မာဖီးယားကွန်ရက်ကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် ဂျူဆက်ပဲ ဘရူနို အမည်ရှိ အီတလီ စီးပွားရေးသမားတဦးကို ဘရာဇီးနိုင်ငံ နာတာလ်မြို့မှာ ဖမ်းဆီးလိုက်ကြောင်း သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

ဂျူဆက်ပဲ ဘရူနိုဟာ ငွေညှစ်မှု၊ ငွေကြေးခဝါချမှုနဲ့ ရာဇဝတ်မှုတွေမှာ မာဖီးယားဂိုဏ်းတွေရဲ့ ပါဝင်ပတ်သက်မှု အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မာဖီးယား အိမ်ရာအစီအစဉ်ဟာ ဘရာဇီးမှာ အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့ ငွေကြေးဈေးကွက်မှာ ယူရို ၅၅ သန်းလောက် ရင်းနှီးမြှုပ်နှံထားကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ပြောပါတယ်။

ရင်းနှီးမြှုပ်နှံထားတဲ့ ပိုင်ဆိုင်မှုစုစုပေါင်း တန်ဖိုးဟာ ယူရို သန်း ၅၀၀ ထက်တောင် ကျော်လွန်သွားနိုင်ကြောင်း အီတလီအာဏာပိုင်တွေက ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေမှာ မာဖီးယားနဲ့ပတ်သက်နေတဲ့ အရင်းအနှီးကြီးကြီးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားကို ခြေရာခံ ဖော်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေကို ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပြီး အီတလီ၊ ဘရာဇီးနဲ့ ဆွစ်ဇာလန် ရဲအေဂျင်စီတွေ ပါဝင်ခဲ့ပါတယ်။ ရဲတွေဟာ ယူရိုသန်း ၅၀ တန် ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့ပြီး နိုင်ငံ ၃ နိုင်ငံရှိ လူ ၁၇ ဦးနဲ့ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ၁၂ ခုတို့ကို တရားစွဲဆိုခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်ကတည်းက ဘရာဇီးမှ ငွေကြေးတွေဟာ ဆွစ်ဇာလန်၊ ဟောင်ကောင်နဲ့ စင်ကာပူရှိ ကွန်ရက်တခုမှတဆင့် စစ္စလီကျွန်းမှ ကိုဆာနိုစ်ထရာ မာဖီးယားဂိုဏ်းနဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ မာဖီးယားမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေထဲကို စီးဆင်းသွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆီမှ သိရှိပါတယ်။ 

နာတာလ်မှ ဖြိုခွင်းခံရတဲ့ မာဖီးယား ငွေကြေးခဝါချ ကွန်ရက်ဟာ နိုင်ငံတကာ ရာဇ၀တ်မှု လှုပ်ရှားမှုတွေကနေ ရရှိလာတဲ့ ငွေကြေးတွေကို ဖုံးကွယ်ဖို့အတွက် ဟန်ပြကုမ္ပဏီတွေကို အသုံးပြုပြီး ဆယ်စုနှစ်နီးပါး လည်ပတ်နေခဲ့တယ်လို့ ဘရာဇီးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013