Home
နိုင်ငံတကာ
ဘရာဇီးနိုင်ငံ ဂူနာဘရာပင်လယ်အော်က ပင်လယ်လိပ်များ ရေဆိုးအန္တရာယ်က လွတ်မြောက်
DVB
·
September 5, 2024
Photo - REUTERS/Pilar Olivares

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့က  ရေဆိုးတွေကို ရှင်းလင်းလိုက်ပြီးတဲ့နောက် ဂူနာဘရာပင်လယ်အော်မှာ ပင်လယ်လိပ်တွေရဲ့ ကျန်းမာရေး ပိုပြီးကောင်းလာပါတယ်။

ရေဆိုးတွေက ပင်လယ်လိပ်တွေရဲ့ သွားလာမှု၊ အသက်ရှင်မှု၊ အစာရှာဖွေမှုတို့ကို ထိခိုက်စေပြီး သေစေနိုင်တဲ့အထိ ဆိုးရွာစေပါတယ်။ 

ဂူနာဘာရာမှာရှိတဲ့ ရေတွေကို သန့်စင်ဖို့ အာဏာပိုင်တွေက ကြိုးစားခဲ့အပြီးမှာ ပင်လယ်လိပ်တွေရဲ့ ကျန်းမာရေး ပြောင်းလဲလာပါတယ်။ 

ရေဆိုးရေညစ်တွေက ဗိုင်းရပ်စ်တွေ ဖြစ်ပွားစေပြီး လိပ်တွေကို ရောဂါပိုးတွေ ကူးစက်စေသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

ပင်လယ်လိပ်တွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အဏ္ဏဝါဗေဒပညာရှင် ဂတ်စ်တာဗိုဘိုင်လာက “ဂူနာဘရာပင်လယ်အော်မှာ လိပ်တွေ အများကြီးရှိပါတယ်။ ၂၀၂၂ ခုနှစ်က ဒီနေရာမှာ လိပ်တွေ အသားပိုဖြစ်တဲ့ရောဂါ ၇၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ရေအရည်အသွေးနဲ့ဆိုင်ပြီး ၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ ဒီရောဂါကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒါကလည်း ရေအရည်အသွေး တိုးတက်ကောင်းမွန်လာမှုကြောင့်ပါ”လို့ ပြောပါတယ်။

ဂူနာဘာရာပင်လယ်အော်ဟာ အမှိုက်တွေ ရေဆိုးရေညစ်တွေကြောင့် ပင်လယ်မှာနေတဲ့ သတ္တဝါတွေရဲ့ နေထိုင်မှုတွေကို ထိခိုက်စေပါတယ်။ 

၂၀၂၂ ခုနှစ်က ပင်လယ်လိပ်တွေ အများစုဟာ အသားပိုအကြိတ်ရောဂါ ဖြစ်ပွားမှုတွေ ဖြစ်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ ရှိခဲ့ပါတယ်။ 

အဲဒီအချိန်တည်းက ပင်လယ်လိပ်တွေကို လေ့လာမှုတွေ ဆက်ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ သူတို့ရဲ့ ကျန်းမာရေး ပိုကောင်းလာတာ တွေ့ရတယ်လို့ ရီယိုဂရန်ဒီတက္ကသိုလ် ပရော်ဖက်ဆာ ဂတ်စတာဗိုက ပြောပါတယ်။ 

ဘရာဇီးနိုင်ငံက ရေအရင်းအမြစ်နဲ့ ရေဆိုးသန့်စင်ရေးကုမ္ပဏီ ဒုဥက္ကဋ္ဌ ဘရန်ချီနီက ဒီဒေသမှာ ရေသန့်စင်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရေထိန်းသိမ်းရေးတာဝန်ရှိသူ  ဘရန်ချီနီက “ဂူနာဘရာပင်လယ်အော်ရဲ့ ရေအရည်အသွေးတိုးတက်လာတာက ဒေါ်လာ ၃၅၆ သန်း အသုံးပြုခဲ့တာကြောင့်ပါ။ ရီယိုဒီဂျနေးရိုးမှာ ရေဆိုးတွေကို စုစည်းပြီး ပြန်လည်သန့်စင်တဲ့စနစ်ကို ပြုလုပ်ခဲ့ရပါတယ်။ တနေ့ကို ရေဆိုး လီတာ ၈၂ သန်း လောက် ပင်လယ်အော်ထဲ မရောက်အောင် ကာကွယ်ခဲ့တာက ဒီနေရာရဲ့ ရေအရည်အသွေးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့တာပါ”လို့ ပြောပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်လိပ် ၇ မျိုးအနက် ၅ မျိုး နေထိုင်ကျက်စားတဲ့ နေရာဖြစ်ပါတယ်။ 

ဒါပေမဲ့ လူတွေရဲ့ စည်းကမ်းမရှိတဲ့ အချက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်ပေါ်ပြီး ပင်လယ်လိပ်တွေရဲ့ နေထိုင်မှုကို ထိခိုက်လာတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေကတော့ ဒီဒေသက တိရစ္ဆာန်တွေကို အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013