ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲမှာ ဩဂုတ် ၃ ရက်ညက မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေပါ ဆင်းလာတာကြောင့် တံတားတစင်း ခါးပြတ်ကျိုးကျသွားကာ တံတားပေါ်ဖြတ်လာတဲ့ ကားတစီး ချောင်းထဲထိုးကျသွားတယ်လို့ အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါတံတားဟာ ကွန်ကရစ်ခင်းတံတားဖြစ်ပြီး အုန်းဖန် - မဲဆောက်သွားလမ်း တပိုးဖူး ကျေးရွာအနီး ကီလိုတိုင်အမှတ် ၁၄၆ - ၁၄၇ ကြားမှာတည်ရှိကာ ဒီမနက်အစောပိုင်းကတည်းက ကျိုးကျနေတာဖြစ်ပြီး တံတားကျိုးနေတာကို သတိမမူမိတဲ့ ကားတစီးလည်း အရှိန်နဲ့မောင်းလာရာက ချောင်းထဲ ထိုးကျသွားတာလို့ ဆိုပါတယ်။
ယာဉ်မောင်းသူ အမျိုးသားတယောက် ဒဏ်ရာရပြီး အုန်းဖန်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ တံတားကျိုးနေတာကြောင့် လောလောဆယ် အဆိုပါလမ်းအပိုင်းမှာ ကားကြီးကားငယ်နဲ့ ဆိုင်ကယ်တွေ မောင်းနှင်ဖြတ်သန်းလို့ မရသေးပါဘူး။
ခရီးသွားပြည်သူတွေ သွားလာရေးအဆင်ပြေစေဖို့ သက်ဆိုင်ရာ လမ်းတံတားဦးစီးဌာနက အမြန် ဆုံး လာရောက်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လူနေအိမ်ခြေတွေထဲ ရေဝင်တာတော့ မရှိပါဘူး။
စက်တင်ဘာ ၃ ရက်မှ ၉ ရက်နေ့တွေအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းဒေသ ခရိုင်ပေါင်း ၆၄ ခရိုင်မှာ မိုးထပ် သည်းထန်ဦးမှာဖြစ်ပြီး ရုတ်တရက် ရေကြီးရေလျှံတာတွေ သတိထားဖို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။
Source: - AEC อาเซียน News / အုမ့်ဖန်လမ်းတံတားဌာန