ရုရှားက ဗုံးကြဲတိုက်ခိုက်နေတဲ့ကြားက ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ခါခိဗ်မြို့မှာ ကလေးတွေဟာ သူတို့ရဲ့ စာသင်နှစ်သစ်ကို စက်တင်ဘာ ၂ ရက်က မြေအောက်မှာ စတင်ခဲ့ပါတယ်။
ရုရှားရဲ့ ဒုံးကျည်တွေကနေ ရှောင်တိမ်းခိုလှုံဖို့ မြေအောက် ရထားဘူတာရုံတွေမှာ ဖြစ်သလို ဖန်တီးထားတဲ့ စာသင်ခန်းတွေထဲမှာ စာသင်နေကြတာပါ။
ရုရှားဒုံးကျည်တွေက တမိနစ်မပြည့်ခင်မြို့ထဲ ရောက်လာနိုင်လို့ စာသင်ခန်းတွေ အများအပြားကနေ ဗုံးခိုကျင်းဆီ ရောက်ဖို့ အချိန်မလောက်တဲ့အတွက် စစ်ပွဲကာလ တလျှောက်လုံးမှာ ခါခိဗ်က စာသင်ကျောင်းတွေဟာ အွန်လိုင်းကနေ စာသင်ပေးခဲ့ကြရတာပါ။
ခုတော့ ကလေးတွေလည်း ဘေးကင်းသလို ကလေးချင်းလည်း ထိတွေ့ခွင့် ရဖို့ အရေးကြီးလို့ မြေအောက်ရထားဘူတာရုံထဲက စာသင်ကျောင်းတွေဟာ တိုးတက်မှုတရပ်အဖြစ် မိဘ အများအပြားက ကြိုဆိုကြပါတယ်။
နောက်ထပ် မြေအောက် စာသင်ကျောင်း ၃ ကျောင်းကိုလည်း အခုတည်ဆောက်နေပြီး ကလေးနောက်ထပ် အယောက် ၂၀၀၀ ကျော်ကို နေရာထိုင်ခင်း စီစဉ်ပေးနိုင်တော့မှာပါ။
မြို့ရဲ့ ခရိုင်တိုင်းမှာ မြေအောက် စာသင်ကျောင်းတွေ ဖွင့်ပေးဖို့ စီစဉ်ထားတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ခါခိဗ်မြို့ဟာ စစ်ပွဲကာလ တလျှောက်လုံး ရုရှားက အကြီးအကျယ် ဗုံးကြဲတဲ့ ပစ်မှတ် ဖြစ်ခဲ့တာပါ။
ဩဂုတ် ၃၁ ရက်က ရုရှားရဲ့ ပဲ့ထိန်းဗုံးတလုံး ခါခိဗ်ဒေသတွင်း ရွာတရွာပေါ် ကျခဲ့လို့ လူ ၂ ဦး သေဆုံးပြီး ကလေးတွေ အပါအဝင် လူ ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
ဩဂုတ် ၃၀ ရက်ကလည်း ရုရှားရဲ့ အလားတူ တိုက်ခိုက်မှုကြောင့် ဒေသန္တရ စင်တာမှာ လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
Source-Reuters