ယူကရိန်းလေတပ်အကြီးအကဲ မိုက်ကိုလာ အိုလက်ရှ်ချပ်ခ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပြီး လေတပ်ရဲ့ တပ်မှူးနေရာကို အစားထိုးဖို့ ဆုံးဖြတ်လိုက်ပြီလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဩဂုတ် ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
“စစ်လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေ၊ မိုဘိုင်းမီးသတ်အဖွဲ့ စစ်သည်တွေ၊ လေကြောင်းရန် ကာကွယ်ရေး ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့လည်း သမ္မတက သူ့ရဲ့ ညနေခင်း မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုကို တွန်းလှန်ရင်း ယူကရိန်းရဲ့ F-16 တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူး လည်း သေဆုံးကြောင်း ယူကရိန်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပြီး နောက်တရက် အကြာမှာပဲ အခုလို ထုတ်ပယ်လိုက်တာပါ။
ဇလန်းစကီးဟာ ထုတ်ပယ်လိုက်တဲ့ အကြောင်းပြချက်ကို မပြောခဲ့ပေမဲ့ ယူကရိန်းအတွက်၊ ရလဒ်အတွက် အမှန်တကယ် တိုက်ပွဲဝင်နေတဲ့ ဝန်ထမ်းတွေကို အကာအကွယ် ပေးရမှာဖြစ်ပြီး အမိန့်ပေး ကွပ်ကဲမှုအဆင့်မှာ အားကောင်းဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။
လေတပ်ကွပ်ကဲရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီး အနာတိုလီ ကရီဗိုနိုဇကာက တပ်မှူးတာဝန်ကို ယာယီထမ်းဆောင်မယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။
ယူကရိန်းစစ်တပ်က ဩဂုတ် ၂၆ ရက်က ပျက်ကျရတဲ့ အကြောင်းရင်းကို မပြောခဲ့ပေမဲ့ ရုရှား ပစ်မှတ်ကို ချဉ်းကပ်လာချိန်မှာ ဂျက်လေယာဉ်က ပျက်ကျခဲ့တာလို့ ပြောပါတယ်။
အမေရိကန်မှ လုပ်ဖော်ကိုင်ဖက်တွေဟာ အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ကူညီပေးနေကြောင်း လေတပ်အကြီးဟောင်း အိုလက်ရှ်ချပ်ခ်က ပြောကြားခဲ့ပါတယ်။
Source-Reuters