ယူကရိန်းစစ်တပ်ဟာ ရုရှားနိုင်ငံအနောက်ပိုင်း ကာ့က်စ် ဒေသဆီ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၂ ကီလိုမီတာအထိ ထိုးဖောက်ခဲ့တယ်လို့ ယူကရိန်းထိပ်တန်းတပ်မှူးက သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားပိုင်နက် ၅ စတုရန်းကီလိုမီတာကို သိမ်းပိုက်ခဲ့တယ်လို့ တပ်မှူး အိုလက်ခ်စန်ဒါ စီယာစကီက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်စကီးကို ဗီဒီယိုလင့်ခ်က တဆင့် အကျဉ်းချုံး တင်ပြခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ ရုရှားနိုင်ငံ ကာ့က်စ်ခ်ဒေသကို သြဂုတ် ၆ ရက်ကစပြီး အကြီးအကျယ် နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်နေသလို တခြားတဖက်မှာလည်း ယူကရိန်းနိုင်ငံရဲ့ အဖိုးတန် F-16 တိုက်လေယာဉ်တွေ ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံနေချိန်မှာပဲ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေတပ်ဦးစီးချုပ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး မိုင်ခိုလာ အိုလက်ရှ်ချုပ်ခ်ကို ရာထူးကနေ ထုတ်ပယ်ရတဲ့ အကြောင်းရင်းကို မဖော်ပြထားပေမယ့် ‘သူ့မှာ ကျနော်တို့ရဲ့ စစ်သည်တော်အားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်’ လို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေက အခုလအစောပိုင်းမှာပေးပို့ခဲ့တဲ့ အမေရိကန်လုပ် F-16 လေယာဉ်တစီး တနင်္လာနေ့က ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့တာပါ။
ရုရှားဒုံးကျည်တွေနဲ့ ပစ်ခတ်မှုအတွင်းဖြစ်ခဲ့ပေမယ့် ပျက်ကျရတဲ့ အကြောင်းရင်းက ရန်သူတိုက်ခိုက်မှုရဲ့ တိုက်ရိုက်ရလဒ်မဟုတ်ဘူးလို့ ယူကရိန်းက ပြောဆိုခဲ့ပြီး ဆုံးရှုံးမှုအတွက် နိုင်ငံရေးသမားတွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အိုလက်ရှုပ်ခ်တို့က အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
အလားတူ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ရုရှားနိုင်ငံထဲ ကပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခွင့်ပြုဖို့ ယူကရိန်းရဲ့ နိုင်ငံတကာမိတ်ဖက်အားလုံးကို သမ္မတဇလန်းစကီးက ထပ်မံ တောင်းဆိုခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အရင် သီတင်းပတ်အတွင်း ယူကရိန်းကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အစင်းရေ ၄၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်း သမ္မတရုံးက ပြောခဲ့ပါတယ်။
နယ်သာလန်က ဗိုက်ကင်း ဘန်းဗက် S10 အမျိုးအစား ကုန်း ရေ နှစ်တန်သွား သံချပ်ကာ ကားစီးရေ ၂၈ စီးကို ယူကရိန်းဆီ ပေးပို့မယ်လို့ နယ်သာလန် ဝန်ကြီးချုပ်က ဩဂုတ် ၃၁ ရက်မှာ ပြောပါတယ်။ နယ်သာလန် မရိန်းတပ်ကလည်း ယူကရိန်း စစ်သည်တွေကို ဒီသံချပ်ကာ ကားတွေကို သုံးတတ်အောင် သင်တန်းပေးပြီးပြီလို့ သူက ပြောပါတယ်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ရာဘာခင်း ချိန်းကြိုးတပ်ဘီးတွေကို သုံးထားတဲ့ ဒီသံချပ်ကာကားတွေဟာ ရေထဲအပါအဝင် မျက်နှာပြင်အနေအထားအမျိုးမျိုးမှာ မောင်းနှင်နိုင်တယ်လို့ ကိယက်ဗ် အင်ဒီပန်းဒန့်ထ် သတင်းဌာနက အစီရင်ခံထားပါတယ်။
Source-Reuters