၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် စပိန်နိုင်ငံဆီ ရောက်လာကြတဲ့ ပြည်ပခရီးသွား အရေအတွက်ဟာ ၁၃ ရာခိုင်နှုန်းအထိ ထိုးတက်လာတာကြောင့် စံချိန်သစ်တင်တော့မယ့် အလားအလာ ရှိနေပါတယ်။
ဒီနှစ် ဇွန်လကုန်ပိုင်းအထိ ၆ လတာ ကာလအတွင်း နိုင်ငံတကာကနေ စပိန်နိုင်ငံကို လာရောက်လည်ပတ်သူ ၄၂ ဒသမ ၅ သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
ဇွန်လထဲမှာတင် ခရီးသွား ၉ သန်းကျော်နဲ့ စံချိန်တင် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့အတွက် ၂၀၂၄ ဟာ စပိန်နိုင်ငံအတွက် နောက်ထပ်စံချိန်ချိုးနိုင်မယ့် နှစ်တခု ဖြစ်လာနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
INE အစိုးရအေဂျင်စီရဲ့ အချက်အလက်အရ စပိန်ဟာ ကမ္ဘာ့လာရောက်လည်ပတ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ပြင်သစ်ရဲ့နောက်မှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့နှစ်က စံချိန်ဖြစ်တဲ့ ၈၅ သန်းကိုပါ ကျော်ဖြတ်နိုင်ဖွယ် ရှိနေပါတယ်။
ဒါ့အပြင် နာမည်ကြီး ခရီးသွားနေရာတွေဖြစ်ကြတဲ့ ကာနာရီကျွန်းတွေ အပါအဝင် ဘာစီလိုနာနဲ့ မာယော့ကာ မြို့တွေမှာဆိုရင် ခရီးသွားတွေ စုပြုံနေမှုနဲ့ နေထိုင်စရိတ်ကြီးမြင့်မှု စတဲ့ သက်ရောက်မှုတွေပါ ရှိလာခဲ့ပါတယ်။
အဲဒီနောက် ဘာစီလိုနာမြို့ရဲ့ ခရီးသွားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစုက နိုင်ငံခြား ဧည့်သည်တွေကို ရေပြွတ်သေနတ်နဲ့ပစ်ရင်း “အိမ်ပြန်ကြ” ဆိုပြီး ဇွန်လအစောပိုင်းမှာ ဆန့်ကျင် ကြွေးကြော်ခဲ့ကြပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း စပိန်နိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေက ဇွန်လအတွင်း ယူရို ၁၂ ဒသမ ၃ ဘီလီယံအထိ သုံးစွဲခဲ့တဲ့အတွက် စီးပွားရေးတိုးတက်လာအောင် အထောက်အပံ့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စပိန်အစိုးရဟာ ဒေသခံတွေရဲ့ အကျိုးစီပွားနဲ့ ခရီးသွားလုပ်ငန်းကြား မှန်ကန်တဲ့ မျှခြေတခု ရှာဖွေနိုင်ဖို့အတွက် လိုအပ်နေပြီ ဖြစ်ပါတယ်။
Source-Reuters