တစုံတယောက်ကို တစုံတယောက်က အစိုးရဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူး။ သူများမပြောနဲ့ ကိုယ့်ဘာသာကိုယ် အစိုးရဖို့တောင် လွယ်တာမှတ်လို့ဗျာ။ ဒါကြောင့်မို့ မြတ်ဗုဒ္ဓက အနတ္တ (အစိုးမရ) လို့ ပြောတာပေါ့။ အဲဒါ သစ္စာစကားပဲ။
တိုင်းပြည်တခုလုံး အစိုးရဖို့ဆို တွေးသာကြည့်တော့။ ဒါနဲ့တောင် ကျနော်တို့ တိုင်းပြည်မှာ အစိုးရ လုပ်ချင်တဲ့ အဖွဲ့အစည်းတွေ မှိုလိုပေါတယ်ဗျာ။ ကျနော်ဖြင့် စဥ်းစားလို့ကို မရဘူး။ တချို့ဆို အစိုးရအဖွဲ့ထဲသာ ပါနေတာ။ အိမ်က မိန်းမကျတော့ သူ အစိုးမရဘူး။ အိမ်က သားလည်း သူ မနိုင်ဘူး။ သမီးလည်း သူ မပြဋ္ဌာန်းနိုင်ဘူး။ ဒါပေမဲ့ သူ့အစိုးရအဖွဲ့မှာတော့ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် စသဖြင့်။
ကိုယ့်မိသားစုသာ သူက အစိုးမရတာ တနိုင်ငံလုံးတော့ အစိုးရချင်သား။ အေးဗျာ ကျုပ်တို့နိုင်ငံမှာလည်း ကိုယ့်ခါးဝတ်ပုဆိုးကို ကိုယ်မမြဲတဲ့သူတွေကလည်း အစိုးရ တက်လုပ်ချင်တော့ အခက်သားလား။
အဲဒီလိုလူတွေ အစိုးရ တက်ဖြစ်တာမျိုးကို ကျုပ်တို့ ဗိုလ်ချုပ်ကတော့ အိမ်ပေါ် ခွေးတက်တယ်ဆိုပဲ။ အင်း ဒါတွေ ပြောနေရင် လိုရင်းမရောက်ဘဲ နေဦးမယ်ဗျာ။
အင်း ပြောသာပြောရတယ်၊ ကျနော်၏စိတ်ကလည်း “ယတိပြတ်” နိုင်လှတယ်လို့ ပြောလို့ရတယ်။ နိုင်ငံရေး လုပ်တဲ့နေရာမှာ လုပ်ဖော်ကိုင်ဖက်တွေအကြား အတော်ခွကျကျ ဖြစ်နေတတ်တယ်။ တခါတလေ ဘုဂလန့် ဖြစ်နေတတ်တယ်။ လက်ဝဲဆန်နေတတ်တယ်။ ဤတွင် ကျနော့်မှာ သက်တူရွယ်တူတို့နဲ့ လည်းကောင်း၊ ရွယ်တူ လူငယ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လည်းကောင်း များစွာကွဲပြားခြားနေပါတယ်။ သူတို့က လူငယ်ပဲ သောက်တတ် စားတတ်မှာပေါ့။ အဲဒီလို ခံယူတယ်။ ကျနော်က မရဘူး။ နိုင်ငံရေးလုပ်ရင် ဘုန်းကြီးလို ကျင့်စေချင်တဲ့သူ။ ကျနော်နဲ့ ပေါင်းဖူးတဲ့ လူငယ်နိုင်ငံရေးသမားတိုင်း သိတယ်။ ကျနော် အသောက်အစားကို တတ်နိုင်သလောက် ရှောင်တဲ့သူပေါ့။ တခါတလေ အားမနာပါးမနာ မသောက်ဘဲ စားတဲ့သူ လုပ်တယ်။
အလုပ်တခုကို လုပ်ဖို့ရှိလာရင်လည်း ထိုအလုပ်ရဲ့ အကျိုးအပြစ်တို့ကို စိစစ်မိကာ စိစစ်ပြီး မိမိလုပ်ခြင်းအားဖြင့် မိမိတွင် ကိုယ်ကျင့်သိက္ခာနဲ့ တိုင်းပြည် လူမျိုးအကျိုးကို ထိခိုက်မည်ဖြစ်ကာ ထိုအလုပ်ကို မလုပ်လိုတော့ပေ။
ဥပမာ- ကွမ်းယာတို့၊ ဆေးလိပ်တို့ ရောင်းတာမျိုး ကျနော်မကြိုက်ဘူး။ အရက်ဆိုင်၊ ဘီယာဆိုင် ဖွင့်တာတွေလည်း ကျနော် မကြိုက်ဘူး စသဖြင့်ပေါ့။ အပြစ်ကင်းတဲ့အလုပ်ကိုသာ စိတ်သန့်သန့်နဲ့ လုပ်ချင်တဲ့စိတ်ရှိတာဖြစ်လို့ လောကီလူမှုရေးဆိုင်ရာမှာ ဒီအလုပ်မျိုး ဘယ်မှာရှိပါသလဲ။
ဒါကြောင့်မို့ ကျနော်ဟာ မိမိဂုဏ်သိက္ခာကို ငဲ့လွန်းပြီး လည်းကောင်း၊ တိုင်းပြည်လူမျိုး နိုင်ငံတော် အကျိုးယုတ်တာကို မလုပ်မိဖို့ ထိန်းသိမ်းလွန်လို့သော်လည်းကောင်း အချိန်အခါကောင်းကို စောင့်ရင်း၊ ဆရာကောင်းသမားကောင်းတို့ထံ ပညာသင်ရင်း စာဖတ်ရင်း အခုလို စာရေးပြီး တိုင်းပြု ပြည်ပြုတာကလွဲလို့ ဘယ်လို ပိုက်ဆံထောမယ့် အလုပ်ကိုမှ ခြေစုံပစ်လို့ ၀င်ရောက် လုပ်ကိုင်ခြင်းမပြုဘဲ နေနေမိပါတယ်။
ကျနော်ရဲ့ ရဲဘော်ရဲဘက် ညီအစ်ကိုတွေက ကျနော့်လောက် အစိုးအကြောက် မရှိကြပါဘူး။ အခွင့်ပေါ်ပေါက်လာရဥင် ပေါ်ပေါက်သလို မီးစဉ်ကြည့်ပြီးကသွားကြရာ အာဏာလိုချင်ရင် လည်းကောင်း၊ စီပွားဥစ္စာရှာလိုရင် လည်းကောင်း သူတို့ရဲ့ လုပ်ကိုင်ပုံဟ, နည်းလမ်းကျန မှန်ကန်တယ်လို့ ဆိုရမှာပါပဲ။
“ခေတ်သစ်အစိုးရ” (ကံရာဇာငယ်)
အဲဒီမှာ မှားတယ်လို့ မဆိုသာဘဲ အာဏာအသင့်အတင့် လက်ကိုင်ရရှိ လုပ်ကိုင်နိုင်လို့ အာဏာအပြည့်ရမှ တကယ်လုပ်မယ်လို့ ကျနော်တို့က ဘေးကထိုင်ကြည့်နေမယ်ဆိုပါက စိတ်မောနေရရုံပါပဲ။
သူတို့မှာ ကံရာဇာငယ်ရဲ့ ပရိယာယ်ကိုသုံးကာ ကျနော်တို့မှာ ကံရာဇာကြီးရဲ့ ပရိယာယ်ကိုပဲ အာရုံငြိတွယ်နေမိတယ်ပေါ့။
ကံရာဇာငယ်ဟာ ဘုရင်ရွေးကောက်ပွဲမှာ ဘုရားကို သစ်ငယ် ဝါးငယ် အပေါ့ အထည်တွေနဲ့ ဘုရားဖြစ်ရုံဖြစ်မျှလောက် ရှေးရှုကာ အပြီးတည်ပြသူ ဖြစ်တယ်။
ကံရာဇာကြီးကား အချိန်အခါကို မချင့်၊ အခွင့်အရေးကို နားမလည်ဘဲ ဘုရားပီသအောင် သစ်ကြီး ဝါးကြီးတွေနဲ့ လုံးပန်းဆောက်လုပ်တာကြောင့် မင်းအဖြစ်မှ လွဲခဲ့သူ ဖြစ်လေတယ်။
တိုင်းပြည်တပြည်ဟာ အခိုင်အမာလည်း အခြေပျိုးရ၊ လက်တလုံးခြား ပရိယာယ်ဉာဏ်နဲ့လည်း အခြေမပျက်စေရန်လည်းကောင်း၊ အခြေတိုးတက်စေဖို့ လည်းကောင်း အခါအားလျော်စွာ ပျိုးထောင်ရမယ်။
ကံရာဇာငယ်ဟာ ဘုရင်ဖြစ်ရုံလောက်အတွက်သာ ဘုရားကို ဖြစ်ကတတ်ဆန်း တည်တယ်။ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဘုရားကို ဖြစ်သလို တည်ခဲ့သလို လုပ်လို့မရချေ။ လုပ်ရင်လည်း နိုင်ငံတော်ဟာ ခိုင်မြဲဖွယ်ရာမရှိပေ။
အနော်ရထာမင်းမြတ်ဟာ ပထမမြန်မာနိုင်ငံတော်ကြီးကို ကံရာဇာကြီးရဲ့ စနစ်နဲ့ ထူထောင် တည်ဆောက်ခဲ့လို့သာ နောက်နိုင်ငံတော်တွေအတွက်ရော အခုထိ အခြေခံကောင်းတွေပါ ဖန်တီးပေးနိုင်ခဲ့တာ မဟုတ်ပါလား။
ကံရာဇာငယ်ရဲ့ စနစ်နဲ့ ပုဂံနိုင်ငံတော်ကို တည်ထောင်ခဲ့ပါက အခုအခါ ကံရာဇငယ်ရဲ့ ဘုရား ပုဂံမှာ အစရှာလို့ မရတော့သလို ထိုနိုင်ငံတော်ရဲ့ အမွေအနှစ်တို့မှာ အခုအချိန် ကျန်ရှိရစ်တော့မှာ မဟုတ်ပါဘူး။
“အနိုင်” ပရိယာယ်
နိုင်ငံတော်သစ် ထူထောင်တည်ဆောက်မှုအတွက် အာဏာအလုံအလောက်ရဖို့ အားထုတ်ရာမှာ ကံရာဇာငယ်ရဲ့ “အနိုင်” ပရိယာယ်ဟာ အကောင်းဆုံးလည်း ဖြစ်ပါတယ်။ အထက်မြက်ဆုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အာဏာလုံးပန်းမှုတွင် ကံရာဇာငယ်လို မရှက် မကြောက် လုပ်တာကို ရှုတ်ချဖွယ်ရာ မရှိပေ။
“အခိုင်” ကိုသာ ရှေးရှုပါ...
ဒါပေမဲ့ နိုင်ငံတော်အရှည်တည်တံ့ ထွန်းကားအောင် ပျိုးထောင်ရာမှာတော့ “အခိုင်”ကိုသာ ရှေးရှုရမှာ ဖြစ်ပါတယ်။ ကံရာဇာကြီးလိုသာ လုပ်လေရမှာ ဖြစ်ပါတယ်။ ကံရာဇာငယ်လို တနေရာမှာ လုပ်အံ့။ ဒီနေရာဟာ နောင်အခါ လစ်လပ်ချွတ်ယွင်း နစ်နာခြင်းရှိလေရာ၏။
ဒီသဘောတရားနှစ်ရပ်ကို အချုပ်အမြွက်မျှသာ ပြလိုက်ပေမဲ့ ထာဝရအားဖြင့် ကံရာဇာကြီး “အခိုင်” အပြုအမူကို အတုယူ လုပ်ဆောင်အပ်ပါတယ်။ အကျဉ်းအကျပ်ကျလာရင် ဒါမှမဟုတ် အကြောင်းတစုံတရာ ပေါ်ပေါက်လာရင် ကံရာဇာငယ်ရဲ့ “အနိုင်” ပရိယာယ်မျိုးကို နိုင်ငံတော်အတွက် မရှက်မကြောက် သုံးသင့်ပါတယ်။
မြန်မာနိုင်ငံတော်ရဲ့ ရာဇ၀င်အစမှာ ကံရာဇာကြီး၊ ကံရာဇာငယ် မင်းအဖြစ် ယှဉ်ပြိုင် ရွေးကောက်ပွဲဟာ အလွန်အရေးကြီးခဲ့ပါတယ်။
ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးအပြီး အရင်လွတ်လပ်တဲ့ နိုင်ငံတော်သစ်အဖြစ် ပြန်ပြီး ပထမအခြေပြုရာမှာ ကံရာဇာကြီးရဲ့ စနစ်ကို လိုက်ခဲ့တာလား၊ ကံရာဇာငယ်ရဲ့ စနစ်ကို လိုက်ခဲ့တာလား၊ စောကြောဖွယ်။
အခုအချိန်ကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်လည်း ပြည်သူ့အရေးတော်ပုံကြီး တရပ်ကို ဆင်နွှဲနေကြလေပြီ။ ကံရာဇာကြီးရဲ့ စနစ်တခုတည်းနဲ့ လည်းကောင်း၊ ကံရာဇာငယ်ရဲ့ ပရိယာယ် တခုတည်းနဲ့ သော်လည်းကောင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အခြေပျိုးခြင်းငှာ မဖြစ်စကောင်းပါ။ အကြောင်းအားလျော်စွာ နှစ်ဖြာသော ပရိယာယ်တို့ကို သုံးကြမှ အရှည်ကောင်းမှာ ဖြစ်တန်ရာရှိပါတယ်။ “အနိုင်”လည်း ကြံရမယ်။ “အခိုင်”လည်း လုပ်ရမှာပါပဲ။ အချုပ်အခြာအာဏာကို ကိုယ့်လက်ထဲရအောင်လည်း ကြိုးပမ်းရမှာပါပဲ။ ရလာရင်လည်း အခိုင်ရအောင်လည်း ဆောင်ရွက်ရမှာပါပဲ။
“အနိုင်” လုပ်တာဟာ “အခိုင်” လုပ်ခြင်းရဲ့ ပထမစခန်းမျှသာ ဖြစ်ပြီး အလိုအလျောက် လမ်းဆုံးနေတဲ့ လမ်းတလမ်း မဟုတ်ကြောင်းနဲ့ အမြဲမပြတ် သတိဝီရိယ လုံ့လဥဿဘနဲ့ ကြိုးစားအားထုတ်နေကြဖို့ ဖြစ်ပါတယ်။
အခုအခါ တော်လှန်ရေးအစိုးရ (ခ) အမျိုးသားညီညွတ်ရေးအစိုးရ ကိုင်တွယ်ရမယ့် တိုင်းရင်းသား တန်းတူအခွင့်အရေးဖော်ဆောင်မှု၊ ဖက်ဒရယ်ဒီမိုကရေစီ အုတ်မြစ်ချမှု (ငြိမ်းချမ်းရေးကိစ္စ) လုံးပန်းသမျှမှာ “အနိုင်” ပရိယာယ်နဲ့ စေစားလျက်၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် အဓွန့်ရှည်စွာ တည်တံ့အောင် အခြေစိုက်လေသမျှမှာ “အခိုင်” စနစ်ကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက လိုက်နာကြဖို့ လိုပါတယ်။
လက်ရှိ NUG အစိုးရအနေနဲ့ ကံရာဇာငယ် ပရိယာယ်ကို သုံးပြီး အခါအခွင့်သင့်ပါက အခြေအနေ အချိန်အခါကို ချင့်ချိန်၍ ကံရာဇာကြီးစနစ်ကို သုံး၍ လုပ်ကိုင်သွားကြပါမှ အနာဂတ် နိုင်ငံတော်အကျိုး ဖြစ်ထွန်းပွားစည်းမှာ ဖြစ်ပါတယ်။
အခုမျက်မှောက်ကာလမှာ NUG အစိုးရသည်လည်းကောင်း၊ နိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် လည်းကောင်း အမြင်ရှင်းကြဖို့နဲ့ အမြင်ကျယ်ကြဖို့ အရေးကြီးပါတယ်။
ရာဇဝင် ပဝေအစဉ် အခြေပြဖြစ်သော ကံရာဇာညီနောင်ရဲ့ သင်ခန်းစာဟာ အခုကျနော်တို့ မျက်မှောက်တော်လှန်ရေးကာလအတွက် အကျိုးအလွန်ရှိစေပါတယ်။
“အခိုင်” သည် ပြည်သူကို ဗဟိုပြုခြင်း၊ ခေါင်းဆောင်ကြီးတွေရဲ့ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ခြင်း။ “အနိုင်” နှင့် “အခိုင်” ပရိယာယ်တွေအကြောင်း ပြောရာမှာ အစိုးရတွေ (အာဏာလုပ်ပိုင်ခွင့်ရရှိသူများ) မှာ “အနိုင်” ပရိယာယ်ကို လိုသောအခါမှသာ လိုသလောက်ထက် မပိုစေဘဲ အခိုင်ကိုသာ အားခဲလုံးပန်းကြဖို့ပါ။
“အနိုင်ပရိယာယ်နဲ့ နိုင်ငံရေးသမားတွေ အစိုးရဖြစ်လာရင် “အခိုင်” ကို ပြောင်းလွဲရှေးရှုဖို့ အလွန်အရေးကြီးပါတယ်။ အစိုးရဖြစ်တဲ့တိုင်အောင် “အနိုင်” ပရိယာယ်တွင်သာ ငြိတွယ် (အာဏာယစ်မူး) နေမယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူ နစ်နာတတ်ပါတယ်။
အင်္ဂလိပ်ဘာသာမှာ နိုင်ငံရေးသမားကို Politician လို့ခေါ်ပြီး၊ အုပ်ချုပ်သူ အစိုးရကို Statesman လို့ ခေါ်ပါတယ်။ Politician ကား “အနိုင်” လုံးပန်းရေးသမား။ Statesman ကား “အခိုင်” လုံးပန်းရေးသမားလို့ တနည်း မှတ်ထားနိုင်ပါတယ်။
“အနိုင်” ကား အနိုင်ရဖို့ ရည်ရွယ်တဲ့ ပရိယာယ်တခုမျှသာ ဖြစ်တယ်။ “အခိုင်”ကား အနိုင်ရပြီးသူတိုင်း မမေ့မလျော့၊ မပေါ့မတန်၊ မနှေးကန်ဘဲ အမှန်ပြုသင့်တဲ့ “အလုပ်အစစ်” ဖြစ်သင့်ပါတယ်။
“အနိုင်” ရလျက် “အနိုင်” ရခိုက် “အခိုင်” မလုပ်က အနိုင်ရကျိုးမနပ်။ ဗိုလ်ချုပ် သတိပေးခဲ့သလို ဒီနေ့ရ မနက်ဖြန် သူများလက် ပြန်ပါသွားမယ့် “အနိုင်”မျိုး ဖြစ်ပါတယ်။ ကာလအဓွန့်မရှည်ကြာဘဲ လျင်မြန်စွာ ရွေ့လျေားတတ်ပါတယ်။ “အနိုင်” ရခိုက် အခိုင်လုပ်က လုပ်သလောက် အကျိုးဖြစ်ထွန်းတတ်ပါတယ်။ ဥဒါန်းတွင်ကျန်ရစ်ခဲ့မှာပါ။ ရာဇဝင်မှာ အရေးခံရမှာပါ။ ညီညွတ်စွာ အောင်မြင်ကြပါမှ၊ ပထဝီနိုင်ငံရေးအရာမှာပါ ရေပက်မဝင်တဲ့ ချစ်ခင်စည်းလုံးကြပါမှ၊ တကယ့်စစ်မှန်တဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်မှာပါ။
ကျနော် ပြောချင်တဲ့ မျက်မှောက်ကာလ အမျိုးသားအကျိုးစီးပွားဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို ရည်စူးပါတယ်။ ကျနော်တို့ မျှော်လင့်တဲ့ ဖက်ဒရယ်အစိုးရသစ်ကလည်း အဆန်မပါတဲ့ သင်္ကြန်အမြောက်လို အစိုးရမျိုး မဟုတ်ပါဘူး။ PDF တပ်မတော်လို လက်နက်ကိုင် အဖွဲ့အစည်းတခုကို အမိန့်ပေးနိုင်တဲ့ တကယ်အာဏာရှိတဲ့ အစိုးရမျိုးကို အမျိုးသား အကျိုးစီးပွားလို့ မြင်မိပါတယ်။
မိမိတို့ကိုယ်တိုင်ကစလို့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်နဲ့ ညီညွတ်မှုရှိကြမှာသာ လွှတ်လပ်ငြိမ်းချမ်းတဲ့၊ စည်ပင်ဖွံ့ဖြိုးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု မြန်မာပြည်သစ်ကို ထူထောင်ဖန်တီး တည်ဆောက်နိုင်ကြမှာဖြစ်ပါကြောင်း တော်လှန်ရေးကာလအလွန် အစိုးရ လုပ်ချင်သူတွေကို စာလက်ဆောင်ပါးလိုက်ရပါတယ်။
ကိုးကားချက်များ—
၁။ ဒဂုံတာရာ
၂။ ဖက်ဒရယ်စနစ်(ဦသိန်းဦး)
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေ
(ဦးကိုနီ)