အနောက်ရိုးမတောင်တန်းတွေ တည်ရှိရာ နယ်စပ်တနေရာကို ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်နိမိတ်ထိစပ်နေတဲ့ နေရာပါ။ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို အလွယ်တကူ သွားလာလို့ရတဲ့ လမ်းမကြီးပါ။
ရောက်သွားဖြစ်တဲ့အကြောင်းက ဝါးပင်တွေကို ကြည့်ဖို့အတွက်ပါ။ မိတ်ဆွေတဦးက အနောက်ရိုးမပေါ်က ဝါးစိုက်ခင်းတချို့ကို လိုက်ပြတာဖြစ်ပါတယ်။
ဝါးနဲ့ပတ်သက်တဲ့ လုပ်ငန်းတချို့ကို လုပ်ကိုင်ဆောင်ရွက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဝါးထိုင်ခုံ၊ ဝါးစားပွဲ၊ ဝါးခုတင် စတဲ့ ဝါးနဲ့ပြုလုပ်တဲ့ ပရိဘောဂတွေအပြင် ဝါးလက်မှုပညာတွေကို မျှဝေနေချိန်ပါ။
တမနက်မှာ ကျနော်ဟာ အထက်ပါ မိတ်ဆွေတဦးရဲ့ ခေါ်ဆောင်ရာနောက်ကို ဝါးပင်တွေကြည့်ဖို့အတွက် လိုက်ပါသွားခဲ့ပါတယ်။ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့အလွန် တံတားကူးပြီး မကြာခင်မှာ ကျနော်တို့ကိုလိုက်ပြမယ့် ဒေသခံကားတစီး အသင့်စောင့်နေတာ တွေ့ရပါတယ်။
လမ်းမအတိုင်း ဆက်လာပြီး မကြာခင်မှာ တောင်ဆင်းတောင်တက်လမ်းတွေ စတွေ့ပါတော့တယ်။ လမ်းကတော့ ကွန်ကရစ်လမ်းပါ။ လမ်းမအတိုင်း ဆက်သွားရင် ရခိုင်ပြည်နယ် ဂွမြို့ကို ရောက်တယ်လို့ ပြောပါတယ်။
“ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်တဲ့အထိ သွားဖြစ်ခဲ့ပေမဲ့ ဂွမြို့အထိတော့ မရောက်ခဲ့ပါဘူး။
ထုံးစံအတိုင်း လမ်းတလျှောက်မှာတော့ စစ်ဆေးရေးဂိတ်အလီလီကို ဖြတ်ရပါတယ်။ ဂိတ်တွေမှာ ခရီးသွားကားတစီးကို စစ်ဆေးမေးမြန်းနေတာကို တွေ့ရပါတယ်။
လမ်းက ကောင်းတယ်လို့ ပြောရမှာပါ။ တောင်တက်တောင်ဆင်းလမ်း ဆိုပေမဲ့ ကွန်ကရစ် ခင်းထားတာပါ။ လိုက်ပို့တဲ့ ဒေသခံတဦးက လမ်းပိုင်းအခြေအနေတချို့ကို ပြောပြပါတယ်။
သူပြောပြတဲ့အထဲမှာ တောဆင်ရိုင်းတွေရှိတယ် ဆိုတာလည်း ပါပါတယ်။ အနောက်ရိုးမလမ်းပေါ်မှာ လိုက်ပို့တဲ့ ဒေသခံအဖွဲ့က ကားတစီးနဲ့ ကျနော်တို့က ကားတစီး ကားနှစ်စီး ထီးထီးကြီး သွားနေတာပါ။ အဲဒီနေ့က နေ့ချင်းပြန်ခရီးမှာ ရခိုင်ဘက်ကနေ ငါးသိုင်းချောင်းဘက်ကို ပြန်လာတဲ့ လမ်းတလျှောက် ခရီးသည်တင်ကားတစီးသာ တွေ့ခဲ့ရပါတယ်။
“ကားအသွားအလာနည်းပြီး ဒီလိုတောထဲမှာ လမ်းကို ရှယ်ခင်းထားတာနော်” လို့ ကျနော့်နှုတ်က လွှတ်ကနဲ ပြောလိုက်မိပါတယ်။ ဒေသခံက “NLD လက်ထက်က ခင်းသွားတာဗျ၊ ဂွအထိ မရောက်လိုက်ပါဘူး။ ရခိုင်ပြည်နယ် နယ်စပ်ကျော်ကျော်လေးမှာပဲ လမ်းခင်းတဲ့အစီအစဉ် ရပ်သွားတာ။ အခုလိုသာ မဖြစ်လို့ကတော့ ရခိုင်အထိ လမ်းကောင်းသွားပြီ” လို့ ပြောပြပါတယ်။
ဒေသခံပြောပြတဲ့ အခုလိုသာ မဖြစ်လို့ကတော့ ဆိုတာ စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် NLD အစိုးရက စီစဉ်ဆောင်ရွက်သွားမယ့်အလုပ်ကို ဆက်ပြီး လုပ်နိုင်မှာပဲလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ကားက လမ်းချိုးတခုကို ကွေ့ဝင်သွားပါတယ်။ ကားတစီးစာ ဆက်မောင်းလို့မရတဲ့ နေရာအထိ ကားက ဆက်မောင်းသွားပါတယ်။ ဒေသခံတွေက ကားဆက်မောင်းလို့ မရတော့ဘူး၊ လမ်းဆင်းလျှောက်မှ ရမယ်လို့ ပြောပါတယ်။ အားလုံး ကားပေါ်ကဆင်းပြီး လမ်းလျှောက်သွားကြပါတယ်။
ကားပေါ်ကဆင်းပြီး ပထမဆုံး စတွေ့ရတာက ဝါးပင်တွေတော့ မဟုတ်ပါဘူး။ ထင်းပုံတွေပါ။ ထင်းတွေကို အစီအရီဖြတ်ပြီး ပုံထားတာကို တွေ့ရတာပါ။
ထင်းပုံတွေအနားမှာတော့ ခပ်ကုတ်ကုတ် တဲနှစ်လုံးသုံးလုံး ရှိပါတယ်။ တဲလေးတွေအနီးမှာ ကလေးထိန်းနေကြတဲ့ အမျိုးသမီးတွေ၊ ခွဲစိတ်ပြီးသားထင်းကို ကြိုးနဲ့စည်းနေကြတဲ့ အမျိုးသားတွေကို တွေ့ရပါတယ်။
သူတို့တွေက ပျံကျ ထင်းခွေ၊ ထင်းရောင်းကြတဲ့ မိသားစုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီနေရာမှာတော့ ဝါးပင်ရှိတယ်ဆိုရုံ တပင်စ နှစ်ပင်စသာ တွေ့ရပါတယ်။ ဝါးအပင် သုံးလေးပင် စုနေတဲ့ ဝါးရုံအသေးစားလေး တရုံတလေမျှတောင် မတွေ့ရသေးပါဘူး။
ဒေသခံက တောင်ကတုံးတွေကို လိုက်ပြပါတယ်။ သူလက်ညှိုးညွှန်ရာ နေရာတွေကလည်း တောင်ကတုံးတွေပါ။ တောင်ဘေးနဲ့ တောင်ထိပ်မှာ သစ်ပင်ကြီးဆိုလို့ တပင်မျှကို မရှိတာပါ။ ဒီနေရာတွေမှာ အရင်က ဝါးရုံတွေရှိခဲ့တာလို့လည်း ပြောပြပါတယ်။ ဝါးတွေကို ခိုးခုတ်ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အဲဒီကထွက်ပြီး တခြားတနေရာကို ထပ်သွားကြပါတယ်။ နောက်ထပ်တနေရာမှာတော့ ဒေသခံ ဆိုင်ကယ်သမားတချို့ကိုပါ ခေါ်လာပါတယ်။ ဝါးပင်တွေကို သွားကြည့်ကြရမယ့်နေရာက အခုနေရာထက် ပိုဝေးပါတယ်။
ကားလမ်းမပေါက်တဲ့အတွက် ဆိုင်ကယ်နဲ့ သွားရမှာပါ။ အဲဒီနေရာကို ကျနော် မလိုက်တော့ပါဘူး။ ဆိုင်ကယ်မလောက်ငတဲ့အတွက် စောင့်နေခဲ့လိုက်ပါတယ်။ မိနစ်သုံးဆယ်လောက်မှာ ပြန်ရောက်လာကြပါတယ်။ ဆိုင်ကယ်သမားက သပ်သပ်၊ အနောက်က လိုက်စီးသူတွေက သပ်သပ်ပါ။ လမ်းဆိုးလို့ ဆိုင်ကယ်နှစ်ယောက်စီးလို့ မရခဲ့ဘူးလို့ ပြောပါတယ်။
နောက်တနေရာကို ဝါးပင်တွေကြည့်ဖို့အတွက် ထွက်လာခဲ့ကြပါတယ်။ ကားက တရွေ့ရွေ့နဲ့ “ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လာပါတယ်။ ဒီဆိုင်းဘုတ်ကိုကျော်လာတော့ ကွန်ကရစ်ခင်းလမ်း မဟုတ်တော့ဘဲ ကတ္တရာခင်းထားတဲ့လမ်း ဖြစ်သွားပါတယ်။
သွားဖူးနေကျသူတဦးက အရှေ့ကိုဆက်သွားရင် လမ်းနည်းနည်းဆိုးတာ ရှိတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ရှေ့ဆက်မသွားတော့ဘဲ ရောက်နေတဲ့နေရာကနေပဲ ဝါးပင်တွေကို လှမ်းမျှော်ကြည့်ကြပါတယ်။
ဝါးပင်တွေကို လှမ်းမျှော်ကြည့်ဖို့ ကတ္တရာလမ်းမဘေး ကားထိုးရပ်လိုက်တဲ့အနားမှာ ဆင်ထိန်းသိမ်းရေးစခန်း ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ ဆင်စခန်းနဲ့ မဝေးတော့ဘူးလို့လည်း ခန့်မှန်းမိပါတယ်။
လမ်းနံဘေးမှာ ဝါးပင်တွေကို အသစ်စက်စက် ခုတ်သွားတဲ့နေရာကို တွေ့ရပါတယ်။ ဒီဝါးတွေကို ကျနော်တို့ကတော့ တောင်ရိုးဝါးလို့ ခေါ်ပါတယ်။ တောင်ရိုးပေါ်ပေါက်လို့ တောင်ရိုးဝါးလို့ ခေါ်တာမျိုး ဖြစ်နိုင်ပါတယ်။ တခြားအမည် ခေါ်တွင်တာမျိုးလည်း ရှိနိုင်မှာပါ။ ဒီနေရာမှာတော့ ဝါးပင်တွေကို တောင်စဉ်တောင်တန်းရဲ့ နံဘေးမှာ တွေ့ရပါတယ်။
ဝါးရုံအကြီးတွေကို တွေ့ချင်ရင်တော့ ဆိုင်ကယ်လမ်း ကားလမ်း မပေါက်တဲ့အတွက် ခြေနဲ့လျှောက်သွားမှ ရနိုင်မှာမို့ ဒေသခံတွေညွှန်ပြတဲ့ ဝါးရုံတွေကိုသာ အဝေးကနေ ကြည့်ခဲ့ရပါတယ်။
တောင်ရိုးဝါးကို ကျနော်တို့ဆီမှာ ကွမ်းစိုက်တဲ့နေရာမှာ အဓိကထား သုံးကြပါတယ်။ တောင်ရိုးဝါးအသစ်ကို ကွမ်းခြံလုပ်မယ်ဆို သုံးနှစ်လောက်ခံပါတယ်။ နေပူမိုးရွာ ထားရတဲ့အတွက် သုံးနှစ်လောက်ဆို ဆွေးပြီး ထင်းအဖြစ် ပြန်သုံးကြပါတယ်။
တောင်ရိုးဝါး ဝယ်မသုံးနိုင်ကြသူတွေက ဝါးပိုးဝါးလို ဝါးကြီးတွေကို ကွမ်းခြံအတိုင်းအတာ အရှည်ပေရအောင် ခွဲစိတ်ပိုင်းဖြတ်ပြီး အသုံးပြုကြပါတယ်။
ဒီဝါးတွေကို အနီးကပ်မမြင်ရတဲ့အတွက် ဝါးတွေဟာ ခုတ်ဖို့သင့်တဲ့ ဝါးတွေလား၊ ခုတ်ဖို့မသင့်သေးဘဲ မွေးထားရမယ့် ဝါးတွေလား ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒေသခံတွေ ညွှန်ပြတဲ့ မျက်စိတဆုံး ဝါးရုံတန်းကြီးဆို ဝါးအပင်ပေါင်းများစွာကို ခုတ်ယူသုံးစွဲလို့ ရနိုင်မှာ ဖြစ်ပါတယ်။
ကားလမ်းဘေးအနီးက ဝါးပင်တချို့က ဝါးအပွင့် ပွင့်နေတာကို တွေ့ရပါတယ်။ ဝါးပွင့်တွေကို အစေ့ခံပြီး ဝါးမျိုးစေ့အဖြစ် ရောင်းချစိုက်ပျိုးလို့ ရနိုင်ပါတယ်။
ထိုင်းနိုင်ငံလို နေရာမျိုးကဆို အခုလို ဝါးပွင့်တွေကို မျိုးစေ့ခံပြီး ရောင်းစားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရိုးမတောင်ပေါ်က ဝါးရုံတွေမှာ နှစ်ရုံသုံးရုံအထိ ဝါးပွင့်တွေ ပွင့်နေတာကို တွေ့ရပါတယ်။
ဒါက လမ်းမဘေး မြင်သာတဲ့ နေရာတွေမှာ တွေ့ရတာဖြစ်ပါတယ်။ အခြားနေရာတွေမှာလည်း အခုလို ဝါးအရုံပေါင်း ဘယ်လောက်ပွင့်နေကြမလဲ ဆိုတာတော့ မပြောနိုင်ပါဘူး။
မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တဦးက ပြောဖူးပါတယ်။ “ဒေသမျိုးစေ့တွေကို ထိန်းသိမ်းရကောင်းမှန်း မသိရင် တချို့အရာတွေ အလေအလွင့်ဖြစ်ပြီး ဆုံးရှုံးကြရတယ်” တဲ့။
တတ်သိနားလည်ကြသူတွေကတော့ ရှာဖွေ၊ စုဆောင်း၊ ထိန်းသိမ်းရမယ့် အရာတွေကို လက်လွတ်မခံကြပါဘူး။ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ရှာဖွေစုဆောင်းရမယ် ဆိုတာကို မသိတဲ့အခါ တချို့အရာတွေက အလေအလွင့်ဖြစ်ပြီး ပျက်စီးဆုံးရှုံးရမှာ ဖြစ်ပါတယ်။
ခရီးစဉ်က နေ့တဝက်ကျော်ပြီဖြစ်လို့ နီးစပ်ရာဆိုင်တဆိုင်ကို ဝင်ခဲ့ပါတယ်။ ဒေသစာဖြစ်တဲ့ ဆင်ခရမ်းသီး၊ အာပူရွက်တို့နဲ့ ရောချက်ထားတဲ့ ကြက်သောက်ဆမ်းဟင်းနဲ့ ထမင်းစားကြပြီး ပြန်လာခဲ့ကြပါတယ်။
အပြန်လမ်းမှာတော့ ရိုးမတောင်ကုန်းတွေပေါ်က ဝါးရုံတွေ တရုံပြီးတရုံ ကျနော်တို့စီးလာတဲ့ကား နောက်ခန်းမှန်တံခါးရဲ့ မြင်ကွင်းကနေ မှုံဝါး ပျောက်ကွယ် ကျန်နေခဲ့ပါတော့တယ်။
တာပလု