ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဒေသလုံခြုံရေးအတွက် စစ်သင်တန်း တက်ဖို့ အသက် ၃၅ နှစ်ကနေ ၆၅ အထိရှိတဲ့ အမျိုးသားတွေကို စာရင်းကောက်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ သြဂုတ် ၂၅ ရက်ကစတင်ပြီး စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဒေသလုံခြုံရေးအတွက် စစ်မှုထမ်းသင်တန်းတက်ရမယ်လို့ဆိုပြီး အသက် ၃၅ နှစ်ကနေ ၆၅ အရွယ်အထိ အမျိုးသားတွေကို တရွာ ၂ ယောက်နှုန်းနဲ့ စာရင်းကောက် နေတယ်လို့ ဆိုပါတယ်။
ညောင်တုန်း မြို့ခံတယောက်က“အခုက ကိုယ့်ဒေသမှာ စစ်မှုထမ်းဖို့အတွက် စာရင်းကောက်တာလို့ ပြောတာပဲ။ အသက် ၃၅ နှစ်အရွယ်ကနေ ၆၅ နှစ်အရွယ်အထိ အမျိုးသားတွေကို စာရင်းကောက်နေတာ။ စစ်ကောင်စီ လက်အောက်အုပ်ချုပ်ရေးမှူးတွေက အခုလည်း သူတို့နဲ့ အဆင်မပြေတဲ့သူတွေပဲ အဓိက စာရင်းယူနေတာ”လို့ ပြောပါတယ်။
အဲဒီ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်အထိရှိတဲ့ အမျိုးသားတွေကို စစ်ကောင်စီတပ်က စာရင်းယူနေတာဟာ ဒေသလုံခြုံရေးအတွက် မဟုတ်ဘဲ ရက် ၃၀ သိုမဟုတ် ၄၅ ရက် စစ်သင်တန်းပေးကာ လိုအပ်ပါက စစ်တိုက်ထွက်ဖို့ အရပ်သားအမျိုးသားတွေကို မလွတ်တမ်း စည်းရုံးစာရင်းယူနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီ တိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ၁ ယောက်က“အခုရပ်ရွာ လုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်ဖို့ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိအရွယ်တွေကို စာရင်းကောက်တာတွေကိုလည်း ရပ်ကျေးအုပ်ကြီးတွေကိုပဲတ တာဝန်ပေးထားတာ။ စာရင်းကောက်တဲ့ အဖွဲ့ခေါင်းဆောင်အုပ်ကြီးတွေက မသမာတွေ လုပ်လာပြန်တာပဲ။ အခု စာရင်းကောက်ထားသူတွေက စစ်မှုထမ်းနဲ့မခြားပါဘူး။ လိုအပ်ရင် စစ်တိုက်ရမှာပဲ။ မလွတ်တမ်းလုပ် ထားတာ” ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ရေကြည်၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဘိုကလေး၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ မြန်အောင်၊ သာပေါင်း စတဲ့မြို့နယ်တွေက စစ်ကောင်စီခန့်ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိရှိတဲ့ အမျိုးသားတွေကို အဓိကထား စာရင်းကောက်နေတာလို့ သိရပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေက သူနဲ့စာရင်းကောက်တဲ့သူတွေကို အသက် ၃၅ နှစ်ကနေ ၆၅ နှစ် အထိ အမျိုးသားတွေကို စာရင်းကောက်တာနဲ့ပတ်သက်လို့ ပြန်လည်စောဒကတက်တဲ့ အရပ်သားတွေကို စာနဲ့ရေးမှတ်ထားပြီး စစ်တပ်ကို ဖမ်းဆီးရိုက်နှက်ခိုင်းမယ်လို့ ခြိမ်းခြောက်တာ တွေ လုပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။