Home
မြန်မာသတင်း
ဧရာဝတီတိုင်း ရွှေဆိုင်များတွင် ရွှေပေါင်နှံသူနှင့် ပြန်ရောင်းသူများနေ၊ ရောင်းအား ၉၀ ရာနှုန်း ကျဆင်း
DVB
·
August 27, 2024
Photo Crd-တော်ဝင် - ယုယု

ဧရာဝတီတိုင်းက ရွှေဆိုင်တွေမှာ လက်ရှိ သြဂုတ်လအတွင်း ရွှေပေါင်နှံတဲ့သူနဲ့ လာရောက် ရောင်းသူတွေသာ များလာပြီး ရွှေထည်ပစ္စည်းရောင်းအား ၉၀ ရာနှုန်းအထိ ကျဆင်းနေတယ်လို့ ဧရာဝတီတိုင်း ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

“ဧရာဝတီတိုင်းက ဆန်စပါး အဓိက စိုက်ပျိုးတဲ့ ဒေသဖြစ်တော့ စပါးပေါ်ချိန် ပဲပေါ်ချိန်နဲ့ သိုလှောင်ထားတဲ့ စပါးတွေ ပြန်ထုတ်ရောင်းတဲ့ အခုလို အချိန်တွေဆို ရွှေထည်တွေ အရမ်းရောင်းခဲ့ရတာ။ အခုဆိုရင် ငုတ်တုတ်မေ့နေတယ်။ တလနဲ့တလတောင် မတူဘူး။ တရက်နဲ့ တရက်လည်း မတူဘူးဖြစ်လာတယ်။ အရင်ကလောက်ကို မရောင်းရဘူး။ အခု ကိုယ့်ဆိုင်က ရွှေထည်ပစ္စည်းတွေက ၉၀ ရာခိုင်နှုန်းလောက်ကို ရောင်းအားလျော့ကျနေတာ။ ဒီအခြေအနေက စီးပွားရေးအကျပ်အတည်းကြောင့်ပဲလေ။ လာပေါင်တဲ့သူနဲ့ ပြန်ရောင်းတဲ့ သူကများနေတာ” လို့ ပုသိမ်မြို့မှ ရွှေပန်းတိမ်နဲ့ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ 

အခုလို ရွှေဆိုင်တွေမှာ အရောင်းကျဆင်းနေပြီး လာပေါင်တဲ့သူနဲ့ လာရောင်းတဲ့သူတွေ များနေတာဟာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာ၊ စီးပွားရေးကျပ်တည်း လာတာနဲ့ မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာတာတို့ကြောင့်ဖြစ်ပြီး ရွှေဆိုင်တွေမှာ ရွှေပေါင်နှံသူတွေ များလာတဲ့အပြင် ဒေသခံတွေ အပေါင်ထားတဲ့ ရွှေထည်တွေကိုလည်း ပြန်မရွေးနိုင်တဲ့ အခြေအနေ ရောက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။ 

“စစ်ကောင်စီ အာဏာသိမ်း ဂရက်ကြောင့် ကုန်ဈေးနှုန်းတွေအရမ်း တက်တက်လာတဲ့အခါ ကျတော့လူတွေက စားဝတ်နေရေး အခက်ခဲဖြစ်လာကြတယ်။ ဒါကြောင့် ရွှေတွေကို ဝယ်ဖို့ ဆိုတာထက် ပေါင်တာတွေ၊ရောင်းတာတွေ များလာတာ”လို့ မအူပင်မြို့ခံ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ 

ဧရာဝတီတိုင်းက ရွှေဆိုင်အများစုမှာ လက်ရှိ ရွှေလာရောက်ပေါင်နှံထားမှုနဲ့ လာရောက် ရောင်းချမှုတွေကြောင့် တရက်ကို ကျပ်သိန်း ၁၀၀၀ ကေန ၁၅၀၀ အထိ ငွေသုံးစွဲ လုပ်ကိုင် လည်ပတ်နေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။ 

ရွှေဆိုင်တွေမှာ ပြင်ပရွှေတွေ ပြန်လည်ဝယ်ယူရာမှာ ကာလပေါက်ဈေးထက် ၂ ကျပ်သားကို ၅၅၀၀၀ ကျပ်ခန့်သာ လျော့ဝယ်ယူနေတာဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ ရွှေဈေးနှုန်း အခြေအနေအရ ရွှေအပေါင်ဆိုင်သီးသန့်သာ အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ အာဏာမသိမ်းခင် ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်က ၁၆ ပဲရည်ရွှေ ၁ ကျပ်သားကို ၉၂၅,၀၀၀ ကျပ်ရှိခဲ့ရာကနေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁,၀၄၅,၀၀၀ ကျပ်၊ ၂၀၂၂ ခုက ၂,၁၀၀,၀၀၀ ကနေ ၂,၁၀၀,၀၀၀၊ ၂၀၂၃ ခုနှစ်မှာ ၃,၅၅၀,၀၀၀ ကနေ ၃,၈၅၀,၀၀၊ ၂၀၂၄ ခုနှစ် ရွှေဈေးကွက်သမိုင်းတလျှောက်မှာ အမြင့်ဆုံးဈေးအဖြစ် ၁၆ ပဲရည် ၁ ကျပ်သားကို ၅,၈၀၀,၀၀၀ သိန်းကျော်နဲ့ ၁၅ ပဲရည် ၁ ကျပ်သားကို ၅,၅၀၀,၀၀၀ အထိ စံချိန်တင်ဈေး ဖြစ်ပေါ်နေတာလို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013