Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် ကင်းမွန်များ ပြည်ပသို့ ပြန်မတင်ပို့နိုင်ဘဲ ဈေးကောင်းမရဖြစ်နေ
DVB
·
August 25, 2024

ဧရာဝတီတိုင်းမှာ ရေထွက်ကုန် ကင်းမွန်တွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးတာကြောင့် ဈေးကောင်းမရဖြစ်နေပြီး ရေထွက်ကုန်လုပ်ငန်းလုပ်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ရေလုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေဆီကနေ သိရပါတယ်။

ပင်လယ်စာ ကင်းမွန်တွေကို အရင်က ပြည်ပဈေးကွက်ဖြစ်တဲ့ ကိုးရီးယား၊ စင်ကာပူ၊ တရုတ်၊ ထိုင်းနဲ့ မလေးရှား စတဲ့နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး စပ်တပ် အာဏာသိမ်းတာကြောင့် နိုင်ငံရေးအကျပ်အတည်းတွေဖြစ်ပြီး ဒီနေ့အထိ ပြန်လည်တင်ပို့မရောင်း ချနိုင်သေးတဲ့အတွက် ဈေးကောင်းမရ ဖြစ်နေတာလို့ ဆိုပါတယ်။

ဖျာပုံမြို့က ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “ကင်းမွန်ဈေးကွက်က တော်တော်လေး ထိုးကျလာတယ်။ ဒီရက်ပိုင်းအတွင်း ပိုဆိုးလာတယ်။  ပြည်တွင်းဈေးတခုတည်းကို အားကိုးနေရတာလေ။ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ အရောင်းလည်း သွက်သလို ဈေးကောင်းလည်းရတယ်။ ဈေးကောင်း ရတော့ ရေလုပ်သားတွေရော၊ ကုန်သည်တွေရော အဆင်ပြေခဲ့တယ်။ အခုတော့ အကုန်ငုတ်တုတ်မေ့နေတယ်။ ဒီအတိုင်းဆို အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။

အရင်က ကင်းမွန်အကြီး ၁ ပိဿာကို ကျပ် ၂၂,၀၀၀၊ အလတ် ၁ ပိဿာကို ကျပ် ၁၇,၀၀၀ နဲ့ အသေး ၁ ပိဿာကို ကျပ် ၁၄,၅၀၀ အထိဈေးရှိခဲ့ပြီး လက်ရှိမှာတော့ ကင်းမွန်အကြီး ၁ ပိဿာကို ကျပ် ၁၇,၀၀၀၊ အလတ် ၁ ပိဿာကို ကျပ် ၁၄, ၀၀၀ နဲ့ အသေး ၁ ပိဿာကိုကျပ် ၁၁,၀၀၀ ဈေးပဲ ပေါက်တော့တယ်လို့ သိရပါတယ်။

ဟိုင်းကြီးကျွန်းမြို့က ကင်းမွန် ရှာဖွေဖမ်းဆီးတဲ့လုပ်ငန်း လုပ်ကိုင်သူတယောက်က “လုပ်လို့ကိုင်လို့ အဆင်မပြေဘူးဆို အကုန်အဆင်မပြေဖြစ်လာတာ။ ရသလောက်လေးနဲ့ မငတ်ရေး လုပ်လာတာ။ ဈေးကကောင်းကောင်းမရတဲ့အပြင် အခုနှစ် ငါးဖမ်းရာသီ ရောင်းတန်းဝင်တဲ့ ကင်းမွန်တွေ ရှာဖွေရရှိတာ နည်းလာတယ်။ ကင်းမွန်တွေ ရှာမရတော့ အခြားငါးတွေလည်း ရသလားဆိုတော့ မရဘူး ဖြစ်နေတယ်။ အရင် ၃ နှစ်လောက်ကို အလုပ်လုပ်ရတာ အဆင်ပြေဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ကင်းမွန်တွေ ရှာဖွေဖမ်းဆီးတဲ့လုပ်ငန်းကို ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ဟိုင်းကြီးကျွန်းမြို့၊ အမာမြို့ စတဲ့ နေရာတွေမှာ အဓိက လုပ်ကိုင်ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက ရေလုပ်သားတွေဟာ အခုနှစ်တွေမှာ ကင်းမွန်တွေ ဈေးကောင်းမရတဲ့ အခက်အခဲအပြင် ဖမ်းဆီးရရှိတာ လျော့ကျလာတာကိုပါ ကြုံနေရတယ်လို့ သိရပါတယ်။

Crd - Photo - MMK

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013