Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ဆီထွက်သီးနှံ ဧကထောင်ချီ ပျက်စီးဆုံးရှုံး
DVB
·
August 20, 2024
Photo Crd-တော်ဝင်

ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် ဆီထွက် သီးနှံဧက ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင် သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဇူလိုင် ဒုတိယ အပတ်နဲ့ သြဂုတ် ပထမ အပတ် ရေကြီးရေလျှံမှုတွေကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ မြေပဲ၊ နှမ်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ခင်းဧက ၄၀၀၀ ထက်မနည်း ရေနစ်မြုပ်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ကျုံပျော်ဒေသခံတောင်သူ တဦးက “၂ ပတ်ကျော်ကျော် ၃ ပတ်လောက် ရေမြုပ်တော့ အကုန်ပျက်စီးတာပေါ့။ နှမ်းခင်း ၂ ဧက စိုက်ထားတာ ဘာမှကို ပြန်မရတာ။ ဒီအတိုင်းဆို နောက်ထပ် မိုးသီးနှံတောင် လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းနှီးရှာရဦးမယ်”လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဧရာဝတီတိုင်းထဲက သာပေါင်း၊ ပန်းတနော်၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ပုသိမ်၊ ငပုတော၊ ဟင်္သာတ၊ လေးမျက်နှာ ၊ ဝါးခယ်မ၊ ဇလွန် စတဲ့ မြို့နယ်တွေက ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံတွေ အများဆုံးပျက်စီးခဲ့တာလို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်မှ လယ်သမားတဦးက “ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ မိသားစုတွေကအခြား အလုပ်ပဲလုပ်ဖို့ ပြောနေပြီ။ စက်သုံးဒီဇယ်ဆီနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ဈေးတက်တာကြောင့် အဆင်မပြေတာ ၃ နှစ်ကျော်လာပြီ။ အခုက သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတော့ ပိုဆိုးကုန်တာ။ စစ်ကောင်စီဘက်ကလည်း လယ်သမားတွေအတွက် မထောက်ပံ့တဲ့အပြင် ချေးငွေ အဟောင်းတောင်း ဖမ်းမယ် ဆီးမယ် ဖိအားပေး တောင်းယူနေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ဒေသခံ လယ်သမားတွေက ရေကြီးရေ လျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေကို သက်ဆိုင်ရာ မြေပြင်ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဆီ တင်ပြပေးမဲ့ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အထက်မှာမျက်နှာရဖို့ ပျက်စီးထိခိုက်တာမရှိဘူးဆိုပြီး ပြန်လည် လိမ်လည်ပြန်တင်ပြနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုနှစ် မိုးသီးနှံစိုက်ပျိုးတဲ့ ရာသီမှာ နိုင်ငံတော်စားသုံးဆီ လိုအပ်ချက်ဖြည့်ဆီးဖို့အတွက် ပြည် ပကနေ ဆီတင်သွင်းရမှုလျော့ကျစေဖို့ဆိုပြီး စစ်ကောင်စီက ဧရာဝတီတိုင်းမှာ စပါး စိုက်ပျိုးမှုပြီးရင် မြေပဲနဲ့ နေကြာနှမ်းတွေကို ဧကသိန်းချီ ဖိအားပေးစိုက်ပျိုးခိုင်းခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013