Home
မြန်မာသတင်း
ဆီပြတ်သဖြင့် ယာဉ်လိုင်းများ အစီးရေလျှော့ဆွဲ၊ ဧရာဝတီတိုင်းတွင် ၁ လီတာ ကျပ် ၇၅၀၀ အထိ ပေးဝယ်နေရ 
DVB
·
August 18, 2024

မြန်မာနိုင်ငံတဝန်းမှာ စက်သုံးဆီဆိုးဆိုးရွားရွားပြတ်လပ်နေတာကြောင့် ယာဉ်လိုင်းတွေက ကားအစီးရေ လျှော့ပြီး ပြေးဆွဲနေရတယ်လို့ ‌အဝေးယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဩဂုတ်လအစကစပြီး စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတဲ့အပြင် အချိန်ကြာမြင့်စွာ တန်းစီဝယ်ရတာ၊ လိုသလောက် ဝယ်ယူမရတာနဲ့  ဈေးနှုန်းမြင့်တက်တာတွေကြောင့် ယာဉ်‌လိုင်းအများစုဟာ ကားအစီးရေလျှော့ပြီး ပြေးဆွဲနေရပါတယ်။

ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူတဦးက “အခုက ဘယ်လို ဖြစ်နေလဲဆိုတော့ စက်သုံးဆီက လုံးဝမရတဲ့အခြေအနေ ရှိတယ်။ မူရင်းဈေးနဲ့တောင် မဟုတ်ဘူး၊ မှောင်ခိုဈေးနဲ့တောင် လိုသလောက်မရဘူး။ အခု ယာဉ်လိုင်းတခုမှာ ရန်ကုန်-‌မော်လမြိုင်တနေ့ ၂ ကြိမ် ပြေးဆွဲတယ်ဆိုရင် အခုတကြိမ် လျှော့လိုက်တယ်။ ၃ ကြိမ် ပြေးဆွဲတဲ့သူတွေလည်း တကြိမ်လောက်ပဲ ပြေးဆွဲ‌နိုင်တော့တယ်။ တခြား ပြေးဆွဲ‌တဲ့နေရာတွေလည်း အကုန်လျှော့လိုက်တာ” လို့ ပြောပါတယ်။

စက်သုံးဆီရရှိဖို့ ဆက်လက်ခက်ခဲနေရင် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း အများအပြား ရပ်နားကြရမယ့် အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် အဝေးပြေးယာဉ်လိုင်းများအပြင် ကုန်တင်ယာဉ်များလည်း ရပ်နားထားရတဲ့အခြေအနေ ရှိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

ကုန်ပစ္စည်းမှာယူရာမှာ အရင်က တရက်သာကြာပေမဲ့ အခု ၅ ရက်ထက်မနည်းကြာနေတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေပါ ရပ်သွားတဲ့ အခြေအနေရှိနိုင်တယ်လို့ ထမင်း‌ဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။

“အရင်တုန်းက မုန့်တွေ၊ ယိုတွေဘာပဲမှာမှာ ဒီနေ့မှာရင် မနက်ဖြန်ဆိုရောက်ပြီး။ အခုကျတော့ တနင်္ဂနွေနေ့ထဲက ငွေလွှဲထားရင်တောင် သောကြာနေ့မှ ရောက်တာ။ အဓိကက သူတို့လည်း ကားဆီမရလို့ ရှာရင်းနဲ့ကြာသွားတာလို့ ပြောတယ်။ အရင်က ကုန်ကားတော်တော်များများ ဆီဖောက်ပြီး လိုက်ရောင်းနေကြလေ။ အခု‌ အဲဒီဆီ လိုက်ရောင်းနေတဲ့ကောင်တွေတောင် အခုဆီမရှိလို့ ကားတွေ ရပ်ထားရတယ်။ ရေရှည်ဆို ဘယ်လိုမှ အဆင်မပြေ‌ဘူးလေ။ ကုန်ဆင်းတာတွေ အကုန်ရပ်သွားမှာ။” 

အဝေးပြေးယာဉ်လိုင်းက ကားတွေဟာ စက်သုံးဆီဆိုင်ကြီးတွေမှာ ညအိပ်စောင့်ပြီး အချိန်ကြာမြင့်စွာ တန်းစီနေရတဲ့အပြင် လိုသလောက် ဝယ်မရတာကြောင့် မှောင်ခိုဝယ်ယူနေရပြီး မှောင်ခိုဈေးနှုန်းမှာလည်း တလီတာကို ကျပ် ၇၀၀၀ ကနေ ၁၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။

ဧရာဝတီတိုင်းက စက်သုံးဆီဆိုင်တွေမှာလည်း စက်သုံးဆီတလီတာ ၇၅၀၀ ကျပ်အထိ ပေးဝယ်နေရပြီး ဆီလိုသလောက် ဝယ်ယူမရဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုသိမ်မြို့ခံတယောက်က “သြဂုတ်လဆန်းပိုင်းကစပြီး စက်သုံးဆီဈေးက တရိပ်ရိပ် ဈေးထိုးတက်လာတာ။ ကျနော်တို့တိုင်းမှာ အခုလက်ရှိ ဆီပြတ်တဲ့အထိပါ ဖြစ်လာတယ်။ တချို့ဆီဆိုင်တွေ ဖွင့်ထားတယ်ဆိုရုံပဲ၊ သွားဝယ်လည်း ဆီမရှိဘူး။ လတ်တလော စက်သုံးဆီ ဈေးကွက်မှာ အနည်းဆုံး စက်သုံးဆီတလီတာ ၇၅၀၀ နဲ့ ဝယ်နေရတယ်။ စစ်ကောင်စီရဲ့ ဆီကော်မတီက ရည်ညွှန်းဈေးဆိုတာက စာရွက်ထဲမှာပဲရှိတာ” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ၅၀၀၀ ဖိုးရရှိဖို့ မနက် ၁၁ နာရီကနေ စတင်တန်းစီပါက ညနေပိုင်း ၄ နာရီမှ ဆီရရှိတဲ့ရက်တွေရှိပြီး တန်းစီစောင့်ပြီး ဆီမရတဲ့ ရက်တွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။ 

မအူပင်မြို့ခံ ကားသမားတယောက်က “မြို့ထဲကတော့ ဆိုင်တွေပိတ်ကုန်ပြီ။ မနက်ကနေ ညနေအထိကို တန်းစီနေတဲ့ကားတွေ ရှိတယ်။ ညနေအထိ ဆီမရလို့ ဒုက္ခရောက်နေတာ။ လမ်းဘေးတွေမှာ ရေသန့်ဘူးနဲ့ ဆီတွေ ရောင်းနေတာ။ မနေ့က ညနေအထိ နည်းနည်းပါးပါး ရသေးတယ်။ ဈေးတော့ကြီးတာပေါ့။ ကျနော်တောင် ၂ ဘူး ဝယ်လိုက်သေးတယ်” လို့ ပြောပါတယ်။ 

နိုင်ငံခြား ငွေလဲလှယ်နှုန်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းကာ စက်သုံးဆီတင်သွင်းမှုတွေ လျော့နည်းလာလို့ ဧရာဝတီတိုင်း အပါအဝင် ပြည်တွင်း စက်သုံးဆီဆိုင် အများအပြား ပိတ်ထားရတဲ့အပြင် စက်သုံးဆီ သိုလှောင်ပြီး ရောင်းချနေတဲ့ဆိုင်တွေလည်း အဆမတန် ဈေးနှုန်းမြှင့်ကာ ရောင်းချနေတာကြောင့် သုံးစွဲသူတွေအနေနဲ့ အခက်ကြုံနေရပါတယ်။ 

ဧရာဝတီတိုင်းမှ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စက်သုံးဆီက ခွဲတမ်းနဲ့ ယူနေရတာ။ ဆီမရတာ တပတ်လောက်ရှိနေပြီ။ ဒါ့ကြောင့် အခုလို ကိုယ်လည်း လိုသလောက်မရ။ ကိုယ့်ဆီ ပြန်ဝယ်တဲ့သူတွေလည်း လိုသလောက်မရ ဖြစ်နေတာ။ အဓိကအချက်ကတော့ ရတဲ့ ခွဲတမ်းနဲ့ သုံးလိုအား မမျှတော့ ဆီက မကြာခဏ ပြတ်လပ်နေတာ။ ဆီဈေးတက်တာကတော့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့်ပဲ” လို့ ပြောပါတယ်။ 

စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သြဂုတ် ၁၈ ရက်အတွက် ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချရမယ့် ရည်ညွှန်းဈေးနှုန်းဟာ ၉၂ တလီတာကို ၃၀၅၅ ကျပ်၊ ၉၅ တလီတာကို ၃၂၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ မြေပြင်မှာ ဆီမရှိတဲ့အပြင် လက်ကျန် ရောင်းနေတယ်ဆိုတဲ့ ဆီဆိုင်တွေမှာလည်း ၉၂ တလီတာ ၆၅၀၀ ကျပ်နဲ့ ၉၅ တလီတာကို ၇၅၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေတက်၊ ဆီပြတ်လပ်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ ဆေးဝါးတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လူသုံးပစ္စည်းတွေလည်း အရင်ကထက် ၂ ဆကျော်ကျော်အထိ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013