Home
မြန်မာသတင်း
နိုင်ငံအနှံ့ စက်သုံးဆီ ၃ ပတ်ကျော်ကြာ ဆက်လက်ပြတ်လပ်
DVB
·
August 13, 2024

မြန်မာနိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်မှုတွေ ဇူလိုင်က နောက်ဆုံးပတ်ကတည်းကနေ ဩဂုတ် ဒုတိယပတ်ထိ ၃ ပတ်ကျော်ကြာတဲ့အထိ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့မှာ ဇူလိုင် နောက်ဆုံးပတ်ကတည်းက စက်သုံးဆီ ဝယ်ယူရဖို့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတာနဲ့ လိုသလောက်ဝယ်ယူလို့ မရတာတွေက  ဩဂုတ် ဒုတိပတ်ထိ ဆက်လက်ဖြစ်ပေါ် နေပါတယ်။

ရန်ကုန်မှာတော့ စက်သုံးဆီပြဿနာတွေက ၃ ပတ်ကျော်ကြာဖြစ်ပေါ်နေပြီး တန်းစီချိန် ကြာမြင့်တာကြောင့် ကားသမားတွေက မြို့ပြင်က ဆိုင်တွေမှာ ဝယ်ယူနေရတယ်လို့  တက္ကစီယာဉ်မောင်းတယောက်က ပြောပြပါတယ်။

“ရန်ကုန်မှာ ဆီတန်းစီရတာ နှစ်ပတ်ကျော် သုံးပတ်လောက်ရှိနေပြီပေါ့။  ဇူလိုင်လမကုန်ခင်ကတည်းက ဆိုတော့လေ။ ဆီကတော့ အခုချိန်ထိ တန်းစီနေရတုန်းပဲလေ။ တခါ တန်းစီရင် နှစ်သောင်းဖိုးလောက်ပဲရတာ အဲဒါတောင်မှ၊ အချိန်တနာရီခွဲ နှစ်နာရီလောက် ပေးပြီးတော့ ရန်ကုန်မှာလေ၊ အများဆုံး တချို့ဆိုင်တွေမှာဆို၊ အခက်အခဲက ရှိတာပေါ့။ အချိန်တွေက တန်းစီနေရတာတော့ အလုပ်လုပ်ချိန်က မရှိတော့ဘူး၊ ဈေးတွေကတော့ မကျဘူး  ၂၇၅၀ အဲဒီဝန်းကျင်မှာပဲ။ ဒီနေ့ဆို  ၉၂ က ၂၇၅၀၊ ၉၅ ဆိုရင် ၂၈၆၀ အဲလောက်ရှိတယ်။ တန်းမစီဘဲချင်ရင်တော့ ဆိုင်တွေမှာ ရေသန့်ဘူးနဲ့ ဝယ်လို့ရတယ်၊ တဘူးကို ၅ ထောင်လောက် ပေးရတယ်။”

ရန်ကုန်ရဲ့ ဆီဆိုင်ကြီးတချို့ကတော့ ကားတစီးကို ကျပ် ၅၀,၀၀၀ ဖိုး ရောင်းချပေးပြီး သတ်မှတ်ဈေးအတိုင်းပဲ ရောင်းချပေးတဲ့အတွက် ကားအစီးရေ အများအပြား တန်းစီးနေတာလို့ ကိုယ်တိုင်တန်းစီ ဝယ်ယူခဲ့သူတယောက်က ပြောပါတယ်။

စက်သုံးဆီ မပြတ်လပ်ဖို့ စီမံထားကြောင်း စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးက ဇူလိုင်လကုန်ပိုင်းက ပြောကြားထားပေမဲ့ လက်ရှိ ဆီအရောင်းဆိုင်တွေမှာတော့ ဆီပြတ်လပ်မှု ထပ်ဖြစ်နေပြီး မော်တော်ယာဉ်တွေ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်မြို့ခံ မော်‌တော်ယာဉ်ပိုင်ရှင်တဦးက “ဆီတွေ ဝယ်မရဘူး။ ဆိုင်တွေမှာ ဆီမရှိဘူး။ ရတဲ့ဆိုင်တွေကျတော့ ကားတွေ အများကြီး တန်းစီနေတာ။ ကျနော်တို့လည်း ဆီရှိလား မရှိလား‌တော့ မသိ‌သေးဘူး၊ တန်းစီနေရတာ မိုးမလင်းခင်ကတည်းကပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးအပတ်က စတင်ပြီး နိုင်ငံတဝန်းက ဆီအရောင်းဆိုင်တွေမှာ ဆီရှားပါးပြတ်လပ်မှု ပြဿနာ ဖြစ်ပေါ်ခဲ့ပြီးဆိုင်တွေက စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချနေတာ၊ တန်းစီဝယ်ယူချိန် ကြာမြင့်တာတွေကြောင့် ပြင်ပ မှောင်ခိုဈေးကွက်မှာ ဈေးအဆမတန်ပေးပြီး ဝယ်ယူမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ‌ဈေး ကြီးမြင့်ပြီး ရှားပါးပြတ်လပ်တဲ့ ပြဿနာက မကြာခဏ ဖြစ်လေ့ရှိပြီး နောက်ဆက်တွဲအနေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

အငှားယာဉ်မောင်းတဦးက “ဆီမရရင်တော့ ကားရပ်ထားရမှာပဲ၊ ဒေါ်လာဈေးတက်ရင်‌တော့ ဆိုင်တွေက အရှုံးခံရောင်းချင်မှာ မဟုတ်ဘူး။ နောက်ဆုံးခံရမှာက ကျနော်တို့ ပြည်သူတွေပဲ” လို့ ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၃ ရက်မှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတ်မှတ်တဲ့ ရည်ညွှန်းလက်လီဈေးနှုန်းတွေကတော့ ၉၂ တလီတာကို ၂,၇၅၀ ကျပ်၊ ၉၅ တလီတာကို ၂,၈၉၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၂,၉၄၆ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာကို ၂,၄၅၀ ကျပ် ဖြစ်ပါတယ်။

စ‌စ်‌ကောင်စီက ဆီတင်သွင်း‌သူ‌တွေ လိုအပ်တဲ့ ဒေါ်လာကို ထုတ်ရောင်းပေးပြီး ဆီဈေးကိုလည်း စင်ကာပူ MOPS ဈေးနှုန်းကို အခြေခံပြီး ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးနဲ့ တွက်ချက် သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။

ပြင်‌ပဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ၆,၀၀၀ ကျော်နေချိန် ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ဆီဈေးနှုန်းကို သတ်မှတ်‌နေမှုကြောင့် ဆီတင်သွင်းသူတွေ အရှုံးပေါ်နေတာဖြစ်လို့ ဆီဈေး ပြင်ဆင်သတ်မှတ်ပေးဖို့ လိုလားနေကြတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက သိရပါတယ်။

စစ်ရှောင်တွေ အများအပြားရောက်ရှိနေတဲ့ မန္တလေးမြို့မှာတော့ စက်သုံးဆီ ဝယ်ယူရဖို့ ၄ နာရီကြာ တန်းစီ စောင့်ဆိုင်းရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မန္တလေး စက်သုံးဆီအခြေအနေကတော့ ဝယ်ရခက်နေတုန်းပဲ၊ ဈေးကတော့ မတက်ဘူး။ အပြင်မှာဝယ်ရင် ပြီးခဲ့တဲ့အပတ်ကဆို တလီတာဘူးကို ၇ ထောင်ပေးရတာ ဒီအပတ်ထဲမှာတော့ ၅ ထောင် ၆ ထောင်ပဲ ရှိတယ်။ ၉၅ ကတော့ ဆိုင်တွေမှာ ဝယ်ရင် ၁၉၇၅၊ ၉၂ ကတော့ ၁၈၅၀ ပေါ့၊ ဆိုင်ကြီးတွေမှာ တန်းစီတဲ့ဈေးပေါ့။ ဈေးကတော့ မတက်ဘူး အရင်အပတ်တုန်းကဈေးပဲ၊ ဒါပေမဲ့ ဝယ်ရတာ ခက်နေတုန်းပဲ။ DENKO ဆို တော်တော် တန်းစီရတယ် ပေးတော့ပေးတယ်။ တခါစီရင် လေးနာရီလောက် တန်းစီရတယ်၊ ကျန်တဲ့တချို့ဆိုင်တွေ Lotus တို့ဆိုရင်တော့ ၉ ရက်နေ့ကလည်းက နောက်ဆုံးပေးပြီး အခုဆို ရပ်ထားတယ်” ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာလည်း စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတဲ့ ကုန်သည်တယောက်တော့ ဆီတင်သင်္ဘောတွေ ပြန်ဝင်နေပြီ ဖြစ်ပေမဲ့ ဆီရောင်းတဲ့ ကုမ္ပဏီတွေကို သတ်မှတ် contract အတိုင်း မချေနိုင်တဲ့အတွက်နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ဆီသွင်းခွင့်မရတဲ့အတွက်ကြောင့် အခုလိုတွေ ဖြစ်တာလို့ ပြောပါတယ်။ 

အခုတကြိမ် ဆီပြတ်လပ်မှုဖြစ်ပေါ်တာက အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက် ဖြစ်ပြီး အချိန်အကြာဆုံး စက်သုံးဆီပြဿနာကို ပြည်သူတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ဩဂုတ် ၁၃ ရက်နေ့ရဲ့ လက်လီ ရည်ညွှန်းသတ်မှတ်ဈေးက အရင်ပတ်တွေကထက် အနည်းငယ် ကျလာကာ ရန်ကုန်မှာ ဓာတ်ဆီ ၉၂ တလီတာကို ရည်ညွှန်းဈေး ၂၇၅၀ ကျပ် နဲ့ ၉၅ တလီတာကို ၂၈၉၀ ကျပ် ဖြစ်ပြီး မန္တလေးရဲ့ ဓာတ်ဆီ ၉၂ တလီတာကို ၂၈၃၀ ကျပ် နဲ့ ၉၅ တလီတာကို ၂၉၇၀ ကျပ် ပေါက်ဈေးရှိတယ်လို့ စက်သုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013