မွန်ပြည်နယ်ထဲက စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် ပြည်သူတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ကတည်းက မွန်ပြည်နယ်က မြို့နယ်တွေကို စက်သုံးဆီကားတွေ ဝင်မလာတာကြောင့် ဆီဆိုင်အများစု အရောင်းရပ်ထားပြီး ရောင်းတဲ့ဆိုင်တွေမှာလည်း အကန့်အသတ်နဲ့ပဲ ဝယ်ယူနေရပါတယ်။
စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်အနည်းစုမှာလည်း စက်သုံးဆီကို နာရီပိုင်းအထိ တန်းစီ စောင့်ဝယ်နေရပြီး လိုသလောက်လည်းမရဘူးလို့ မော်လမြိုင်မြို့ထဲက အိုးဝေသမားတယောက်က ပြောပါတယ်။
“မြို့ထဲက ဆိုင်တော်တော်များများက ဆီမရတော့ဘူး။ ဒီလိုပဲ အိုးဝေသမားအချင်းချင်း ချိတ်ထားပြီး ဘယ်ဆိုင်ဆီရလဲဆိုပြီး ဖုန်းလှမ်းဆက်ခိုင်းရတယ်။ ရတဲ့ဆီဆိုင်မှာ သွားတန်းစီရင် အနိမ့်ဆုံး ၁ နာရီလောက်က ကြာတယ်။ တခါတလေဆို ၃ နာရီလောက် တန်းစီရတယ်။ လိုသလောက်ကမရဘူး အိုးဝေတစီးကို အများဆုံး ၇,၀၀၀ ဖိုးပဲရတာ။ တန်းစီရင်းနဲ့ ဆီကုန်သွားတာ ပြန်လှည့်ရတာနဲ့လည်း ကြုံတွေ့ရတယ်။ တနေ့ကို ဆီလိုက်ထည့်တဲ့အချိန်က အနိမ့်ဆုံး ၅ နာရီလောက်ရှိတယ်” လို့ ပြောပါတယ်။
စက်သုံးဆီပြတ်လပ်နေတာကြောင့် ရောင်းချပေးနေတဲ့ဆိုင်အနည်းစုမှာလည်း တန်းစီစနစ်နဲ့ ဆိုင်ကယ်တစီးကို ဆီ ၃,၀၀၀ ဖိုး၊ အိုးဝေတစီးကို ဆီ ၇,၀၀၀ ဖိုး၊ ကားတစီးကို ဆီ ၃၀,၀၀၀ ဖိုးပဲ ရောင်းချပေးပြီး ပုံး၊ ဘူးတွေနဲ့ဝယ်ယူလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီပြတ်လပ်မှုကြောင့် စက်သုံးဆီဈေးနှုန်းဟာလည်း တလီတာကို ၂,၀၀၀ ကျော်ကနေ ၃,၀၀၀ ကျော်အထိ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီး တချို့ဆိုင်တွေမှာ တလီတာ ကျပ် ၅,၀၀၀ အထိ ဖြစ်လာပြီလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဆိုင်ကြီးတွေမှာ အကန့်အသတ်နဲ့ ရောင်းတဲ့အချိန်ဆို ဆီဈေးက မတက်ဘူး။ ဆီဆိုင်သေးလေးတွေနဲ့ အပြင်မှာဘူးတွေနဲ့ရောင်းတဲ့ဆိုင်တွေမှာ တလီတာကို ၄,၀၀၀ အထက်ပဲ။ ဆီဆိုင်အကြီးတွေမှာဆိုလည်း ညဘက် မှောင်ခိုရောင်းကြတယ်။ ဘူးနဲ့ လိုသလောက်ရောင်းပေးပြီး ဈေးတော့ကြီးတယ်။ လုပ်ငန်းသေးလုပ်မယ့်သူတွေတော့ အဲဒီလိုသွားဝယ်ကြတယ်” လို့ ပြောပါတယ်။
စက်သုံးဆီကို ဈေးကြီးပေးပြီးဝယ်ထားရတာကြောင့် သတ်မှတ်ထားတဲ့ဈေးနဲ့အကန့်အသတ်နဲ့ပဲ ရောင်းချပေးရတာဖြစ်ပြီး လိုသလောက်ကိုတော့ ပုံမှန်ဈေးအတိုင်းသာ ရောင်းချပေးရတာဖြစ်တယ်လို့ စက်သုံဆီဆိုင်မန်နေဂျာတယောက်က ပြောပါတယ်။
“စက်သုံးဆီက အခု ဈေးပိုပေးပြီးဝယ်ရတော့ သတ်မှတ်ဈေးနဲ့ အကန့်အသတ်လောက်ပဲ ရောင်းပေးလို့ရတာပါ။ အချိန်လည်းကန့်သတ်ထားပါတယ်။ တခြားများများလိုတဲ့သူတွေကတော့ အမြတ်တင်ထားတဲ့ဈေးနဲ့ရောင်းပေးတာတွေရှိတယ်” လို့ ပြောပါတယ်။
စက်သုံးဆီအကန့်အသတ်နဲ့ပဲရရှိသလို ဈေးကြီးပေးဝယ်ရတာကြောင့် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အသေးစားလုပ်ငန်းလုပ်ကိုင်သူတချို့ဟာ လုပ်ငန်းရပ်ဆိုင်းရတာမျိုးတွေ ရှိနေပါတယ်။