Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် KPay နှင့် Wave ထုတ်ခများမြင့်တက်ပြီး ဆိုင်အများစုငွေထုတ်မပေး
DVB
·
July 15, 2024

မွန်ပြည်နယ်အတွင်းမှာ Kpay နဲ့ Wavepay ကနေ ငွေသားထုတ်ယူတာ များနေတဲ့အတွက် ထုတ်ခတွေ ၅ ဆကနေ ၁၀ ဆလောက်အထိ မြင့်တက်လာသလို ဆိုင်အများစုမှာလည်း ငွေထုတ်လို့ မရဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မတိုင်ခင်က KPay နဲ့ Wave ကနေ ငွေထုတ်ယူရာမှာ ထုတ်ခ ငွေ ၁ သိန်းကို ကျပ် ၅၀၀ ပဲ ပေးရပေမယ့် ဇူလိုင် ၁၁ ရက်နေ့ကစပြီး ၁ သိန်းကို ကျပ် ၂၅၀၀ ကနေ ကျပ် ၅၀၀၀ အထိ မြင့်တက်လာသလို လိုသလောက်လည်း ထုတ်ယူလို့ မရဘူးလို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။

“Kpayနဲ့ Wave ငွေထုတ်ခက အရင်က ၀ ဒသမ ၅ ရာခိုင်နှုန်းပဲပေးရပေမယ့် ၁၁ ရက်နေ့စပြီး ငွေထုတ်တဲ့ amount (ပမာဏ)ပေါ်လိုက်ပြီး ၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ ပေးရတယ်။ Wave က ထုတ်ခက ၅ ရာခိုင်နှုန်းလောက်ထိပဲ ဖြစ်ပေမယ့် Kpay က ထုတ်ခက ၁၀ ရာခိုင်နှုန်းအထိပါ ဖြစ်နေတာ။ အခုက အာဏာသိမ်းခါစ အခြေအနေကို ပြန်ရောက်နေသလိုပဲ။  ငွေလွှဲခတွေ အဆမတန် မြင့်တက်လာတဲ့အပြင် ထုတ်သလောက်လည်း မရဘူး ဖြစ်နေတယ်။ တိုင်ကြားရင်လည်း ရုံးတွေက ဘာအရေးယူမှုမှလည်း မလုပ်ဘူး။”

ငွေထုတ်ယူရာမှာ အခုလို ရာခိုင်နှုန်းအမြောက်အမြား ပေးနေကြရတာနဲ့ လိုသလောက် ထုတ်မရတာအပြင် ဆိုင်အများစုမှာ ငွေထုတ်လို့မရတော့ဘဲ အသွင်းပဲ ရတော့တယ်လို့ ကျိုက်ထိုမြို့ခံတဦးက ပြောပါတယ်။

“ကျိုက်ထိုတမြို့လုံးဆို ထုတ်လို့ရတဲ့ဆိုင်က ၁ ဆိုင်၊ ၂ ဆိုင်လောက်ပဲ ရတော့တာ။ အဲဒါတောင် တဦးကို ၁ သိန်း၊ ၂ သိန်းလောက်ပဲ ထုတ်ပေးတော့တာ။ စဖြစ်ဖြစ်ချင်း ဆိုင်သေးတွေ ထုတ်မပေးတာ။ အခုက ဆိုင်ကြီးတွေပါ ထုတ်မပေးတော့ဘူး။ ငွေသွင်းမယ်ဆိုရင်တော့ ဆိုင်တိုင်း ရပါတယ်။”

မွန်ပြည်နယ်အတွင်းက ဘဏ်တွေက ဇူလိုင်လဆန်းကစပြီး သာမန်အကောင့်တွေကို တပတ်မှာ ကျပ် ၃ သိန်းပဲ ထုတ်ပေးမယ်လို့ ကြေညာပြီးတဲ့နောက် ဈေးဝယ်ခြမ်းကိစ္စတွေအပါအဝင် ငွေသွင်း ငွေထုတ်ကိစ္စတွေကို Kpay နဲ့ Wave ကိုပဲ အသုံးများလာကြပါတယ်။

ဘဏ်တွေ ပိတ်သိမ်းခံရမယ်ဆိုတဲ့သတင်းကြောင့် Kpay နဲ့ Wave ကနေ ငွေထုတ်သူတွေ များလာတာအပြင် ဘဏ်တွေကနေလည်း ငွေပြန်ထုတ်လို့ မလွယ်ကူတော့တာကြောင့် ငွေထုတ်ပေးတာကို ယာယီရပ်ဆိုင်းထားတာဖြစ်တယ်လို့ ‌ကျိုက်ထိုမြို့နယ်က ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ဇူလိုင် အစောပိုင်းကစပြီး ဘဏ်တွေက ငွေထုတ်ယူတာကို ကန့်သတ်ခဲ့တဲ့အပြင် ATM စက်တွေကနေလည်း ငွေထုတ်မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ နှစ်အစပိုင်းမှာလည်း ဘဏ်တွေက အကန့်အသတ်အသတ်နဲ့ပဲ ငွေထုတ်ခွင့်ရခဲ့သလို ငွေသွင်း၊ ငွေထုတ် ဆိုင်တွေကနေလည်း ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပေးပြီး ငွေထုတ်ယူရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013