Home
မြန်မာသတင်း
K-Pay နှင့် Wave ငွေသားထုတ်ယူမှုများနေသဖြင့် ကိုယ်စားလှယ်များ အခက်ကြုံ
DVB
·
July 11, 2024

မြန်မာပြည်တွင်းက ဘဏ်တွေနဲ့ ATM စက်တွေမှာ ငွေထုတ်ရခက်ခဲလာပြီး Kpay နဲ့ Wave ကနေ ငွေသားထုတ်ယူသူတွေ များလာလို့ ကိုယ်စားလှယ်တချို့ ငွေထုတ်ပေးတာကို ရပ်နားထားရတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်း Kpay နဲ့ Wave ငွေသွင်း၊ ငွေထုတ်လုပ်ပေးနေတဲ့ ကိုယ်စားလှယ်တွေဆီ ငွေထုတ်သူတွေပဲ ရောက်လာလို့ ငွေပြန်ဖော်ဖို့ အခက်တွေ့နေကြရတယ်လို့ သူတို့က ဆိုပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူတဦးက “ငွေသားထုတ်သူတွေ များနေပြီး ငွေပြန်ပေါ်ဖို့က ခက်လာတော့ အခြေအနေကို တချက်ထိန်းပြီး လုပ်ငန်း ခဏရပ်ထားရတယ်။ အခုရက်ပိုင်းက လူတွေက ငွေသားကိုပဲ ထုတ်ကိုင်ထားချင်သူ များနေတာလေ” လို့ ပြောပါတယ်။

လက်ရှိ ဘဏ်တွေက တရက်ကို တဦး ကျပ် ၅ သိန်းလောက်ပဲ ထုတ်ပေးနေပြီး အဲဒီငွေရဖို့ အချိန်ပေးစောင့်ရတာ၊ ATM စက်တွေမှာ ငွေမရှိတာတွေကြောင့် ငွေလွှဲ၊ ငွေထုတ် လုပ်ဆောင်နေသူတွေအနေနဲ့ ငွေသားပြန်ဖော်ရ ခက်ခဲလာတယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ငွေလွှဲလုပ်ငန်းလုပ်နေသူတဦးက “မနေ့ကဆိုရင် ငွေထုတ်ဖို့လာတဲ့သူတွေချည်းပဲ။ ငွေလွှဲမယ့်သူက မရှိဘူး။ အရင်အခြေအနေမျိုးဆိုရင် သူတို့ကို ခဏစောင့်ခိုင်းပြီး ဘဏ်ကနေ ငွေသွားထုတ်တာမျိုး၊ ATM စက်ကနေ ထုတ်ပြီး လှည့်ပေးတာမျိုး လုပ်လို့ရတယ်။ အခုက အဲဒီလိုပါ လုပ်မရတော့ တိုင်ပတ်တာပေါ့။ အရင်ငွေလွှဲလေ့ရှိတဲ့သူတွေကို လွှဲဦးမလား ဆက်သွယ်တော့ သူတို့တောင် ရှိတာကို ထုတ်ချင်နေတာဆိုပြီး ပြောတယ်” လို့ ဆိုပါတယ်။

ဘဏ်တွေအနေနဲ့ ငွေထုတ်ပေးတာကို ဆက်လက်ကန့်သတ်တာတွေ ရှိမယ်ဆိုရင် ဒစ်ဂျစ်တယ်ငွေသားထုတ်ပေးတဲ့ လုပ်ငန်းတွေမှာ ပုံမှန်ဝန်ဆောင်ခအပြင် ထပ်ဆောင်းအပိုရာခိုင်နှုန်း တိုးမြှင့်ယူတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။

လက်ရှိမှာလည်း ဆိုင်တချို့အနေနဲ့ ငွေသားပြန်ဖော်ရ ခက်ခဲမှုကြောင့် ငွေထုတ်ပေးရာမှာ ပုံမှန်ဝန်ဆောင်ခအပြင် အပို ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း ထပ်ဆောင်း တောင်းတာတွေ ရှိလာတယ်လို့လည်း ဆိုပါတယ်။

Kpay ကိုယ်စားလှယ်တဦးက “ATM တွေမှာ ငွေသားမထည့်ပေးဘူး။ ဖြေလျှော့မှုတွေ မပေးဘူးဆိုရင် ထပ်ဆောင်းရာခိုင်နှုန်းတွေ အများကြီး ထပ်တိုးလာနိုင်တယ်။ အာဏာသိမ်းပြီးကာလ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီး အစောပိုင်းကာလမှာ ဘဏ်တွေကနေ ငွေသားထုတ်ယူမှုများပြီး ATM စက်တွေမှာပါ ငွေထပ်မထည့်နိုင်တော့လို့ ငွေသွင်း၊ ငွေထုတ် ဆိုင်တွေကနေ ၁၀ ရာခိုင်နှုန်းအထိပေးပြီး ငွေထုတ်ရတဲ့ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ဘဏ် ၇ ခုကို အိမ်ရာချေးငွေ သတ်မှတ်ပမာဏထက် ကျော်လွန်ထုတ်ချေးလို့ အရေးယူတဲ့သတင်း ထုတ်ပြန်လိုက်ပြီးနောက် ဘဏ်အတွင်း ငွေထည့်ထားသူတွေ စိုးရိမ်တကြီးဖြစ်ကာ ငွေထုတ်ယူမှု များခဲ့သလို နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013