Home
မြန်မာသတင်း
ကလေးမြို့တွင် စက်သုံးဆီ ပြတ်တောက်နေ
DVB
·
June 25, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ရေးအခြေအနေအရ လမ်းပိတ်နေတာ တလဝန်းကျင်ရှိပြီ ဖြစ်တာကြောင့်  စက်သုံးဆီတွေ ပြတ်တောက်နေပြီး စက်သုံးဆီဆိုင်အချို့ ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇွန် ၂၄ ရက် နေ့ခင်းပိုင်းမှာတော့ ကလေးမြို့တွင်းက လမ်းဘေး တနိုင်တပိုင်ရောင်းတဲ့ ဓာတ်ဆီဆိုင်တွေကသာ စက်သုံးဆီတွေကို အကန့်အသတ်နဲ့ ရောင်းချပေးနိုင်တော့တာပါ။

ရောင်းချပေးတဲ့ စက်သုံးဆီဆိုင်တွေမှာ အောက်တိန်း 92 တဂါလန်ကို ကျပ် ၂၅,၀၀၀ ဝန်းကျင်၊ 95 တဂါလန်ကို ကျပ် ၂၈,၀၀၀ ဝန်းကျင်ဈေးနဲ့ ဓာတ်ဆီတွေကို ဆိုင်ကယ်တစီး ကျပ် ၁၀,၀၀၀ ဖိုးသာ ထည့်သွင်းရောင်းချပေးနိုင်တော့တာလို့ ဆိုပါတယ်။

ကလေးမြို့ခံတဦးက “ဒီလအစ ပျဉ်းကိုင်းမှာ တိုက်ပွဲဖြစ်ကတည်းကစ မဟာမြိုင်လမ်းက ပိတ်နေတော့ ဆီတွေပြတ်ကြတာ။ တချို့ဆိုင်တွေကလည်း ရှိပေမဲ့ ဈေးတင်ရောင်းချင်တော့ ပိတ်တာမျိုးတွေလည်း ရှိတယ်။ ကုန်ပစ္စည်း‌တွေက ချင်းတောင်ကနေဝင်‌ပေမဲ့ ဓာတ်ဆီကတော့ မဝင်ဘူး” လို့ ပြောပါတယ်။

ကလေးမြို့က စက်သုံးဆီဆိုင်ကြီးတွေဖြစ်တဲ့ အိုဆို၊ မြမေတ္တာမွန်၊ ရဲတံခွန်၊ တော်ဝင်၊ PPK စတဲ့ စက်သုံးဆီဆိုင်တွေကတော့ ရောင်းချစရာ ဆီမ‌ရှိတော့တာကြောင့် ဆိုင်ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။

အဆိုပါ လမ်းကြောပိတ်ဆို့နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော ဒေသခံ ကာကွယ်ရေးတပ်တွေဘက်ကပါ ထုတ်ပြန်ပြောဆိုထားတာမျိုး မတွေ့ရသေးပါဘူး။

ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်‌‌ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး လက်ရှိမှာတော့ မဟာမြိုင်လမ်းကို အဓိကအသုံးပြု‌နေရပြီး ကလေး-ဂန့်ဂေါလမ်းကတော့ လမ်းကြောပိတ်နေတာ ၂ နှစ်ကျော်နေပြီလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013