စစ်ကောင်စီ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ လူငယ်တွေဟာ ထိုင်းမှာ အလုပ်အကိုင်ရဖို့နဲ့ ရေရှည်နေထိုင်ဖို့ ဗီဇာ အခက်အခဲတွေ ကြုံနေရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အာဏာတည်ကြောင်းကြေညာလိုက်ပြီး ၄ လအတွင်း စစ်မှုထမ်းအပတ်စဉ် (၃) အထိ ရောက်ရှိလာပါတယ်။
စစ်မှုထမ်းသင်တန်းအပတ်စဉ် (၃) ကို ရန်ကုန်၊ မန္တလေး၊ မွန်၊ ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေခံလေ့ကျင့်ရေးတပ်တွေမှာ ဇွန် ၂၂ ရက်ကစလို့ သင်တန်းသားတွေ လက်ခံနေပြီလို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဧပြီလကစလို့ တလကို အပတ်စဉ် (၁) ခု ဖွင့်ကာ စစ်သားစုဆောင်းနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ သတ်မှတ်ချက်အရ အခြေခံစစ်သင်တန်း အပတ်စဉ် တစ်ခုကို ၃ လ သင်ကြားသွားမယ်လို့ သိရပါတယ်။
စစ်မှုထမ်း နာမည်စာရင်းမှာ ပါလာတဲ့ လူငယ်တွေက စစ်ကောင်စီ လက်အောက်မှာ စစ်မှု မထမ်းလိုတာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဝါသနာနဲ့ အလုပ်တွေကို စွန့်လွှတ်ကာ တဖက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ရုတ်တရက် ထွက်ခွာလာရတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသူ ကိုစည်သူက “ကျနော့်ကိုဆိုရင် ၃ လပိုင်းတုန်းက လာပြောသွားတယ်။ မင်းကို ၆ လပိုင်းမှာ လာခေါ်မယ် အဆင်သင့် ပြင်ထားလို့ လာပြောသွားတယ်။ အဲ့အတွက် မတိုင်ခင် ထွက်လာရတာပေါ့။ ကျနော့်လို မဖြစ်မနေ ထွက်လာမယ်သူတွေဆိုရင် အစစအရာရာ သတိထားဖို့ ဂရုစိုက်ဖို့ အထောက်ထား ခိုင်ခိုင်လုံလုံနဲ့ ထွက်လာဖို့ လိုတယ်ဗျ”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကို ရောက်လာတာ ၃ လကျော်ပြီ ဖြစ်ပေမဲ့ ဘာသာစကားနဲ့ နေထိုင်ခွင့် အထောက်အထား အခက်အခဲတွေ ရှိတာကြောင့် အလုပ်အကိုင် ရှာဖွေရ ခက်နေတယ်လို့ ကိုစည်သူက ပြောပါတယ်။
“အလုပ်ဆိုရင် အခု ကျနော်တို့ ဒီကို ရောက်လာတယ်။ ၂ လ၊ ၃ လ ကျော်ရှိပြီ။ အဲဒီအခြေအနေမှာ အလုပ်က ဘာမှ ရှာမရဘူး။ အခုက ထိုင်းစကားတတ်ရမယ်ဆိုတဲ့ အချက်နဲ့တင် တော်တော်တိုင်ပတ်တယ်။ နောက်တခုက ကျနော်တို့ဆို Ed ဗီဇာ လျှောက်မယ်ဆိုရင် ဘာဖြစ်လဲဆိုတော့ ကျောင်းသားတွေက အလုပ်လုပ်လို့ မရဘူး။ အဲ့တော့ အလုပ်ရှာရ အရမ်းခက်ခဲတယ်။ ကျနော့်လို လူမျိုးတွေ ထိုင်းမှာ အများကြီးပဲ။ အလုပ်တွေ ရှာမရလို့ ရှိတာတွေ ပါလာတာတွေသုံး၊ သူငယ်ချင်းတွေဆီက ချေး၊ ပြီးရင် မိဘတွေဆီက ပြန်တောင်းနဲ့ အဲဒီလို ဖြစ်နေတာတွေ အများကြီးပဲ။ ဘဝပျက်နေတဲ့သူတွေ။ တိုင်းပြည်က မကောင်းတော့ ဘဝပျက်တဲ့လူတွေ ဒီမှာ လာစုပြီး သူများရဲ့ အနှိမ်ခံလို ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံနဲ့ နီးစပ်ပြီး၊ နေထိုင် ကုန်ကျစရိတ် သက်သာသလို ကိုယ့်အမိမြေကို ပြန်ချင်တဲ့အခါ အလွယ်တကူ ပြန်လို့ရနိုင်တာကြောင့် ထိုင်းနိုင်ငံကို ရွေးချယ်ဖြစ်ခဲ့တာလို့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ ကိုဇော်က ပြောပါတယ်။
“ဘတ် မရိုက်ဘဲ တခြားဗီဇာနဲ့ နေဖို့ဆိုရင် ဒီမှာ ပိုက်ဆံ တော်တော်ကုန်တယ်။ Non-B က ဈေးကြီးသလို Ed ဗီဇာလည်း အနိမ့်ဆုံး မကုန်ဘူးဆိုရင်တောင် ဘတ် ၂၅၀၀၀ လောက် ကုန်တယ်။ ဗီဇာစရိတ် တော်တော်ထောင်းတယ်။ နေထိုင်စရိတ်ကတော့ မြန်မာနဲ့ ယှဉ်ရင် ကြီးတယ်လို့ ထင်ရပေမဲ့ သူ့လူနေမှု အဆင့်အတန်းနဲ့ဆို ပုံမှန်ပဲ ပြောလို့ရတယ်။ အဓိကက ဘာသာစကားရယ်၊ နောက်တခုက ဗီဇာစရိတ်ရယ်၊ နောက်ဆုံးတခုက ထိုင်းစကား မရတဲ့အခါကျ အလုပ်ရှာဖွေရ ခက်တာပေါ့။ သူတို့က အလုပ်ခေါ်ရင် ဗီဇာ ရှိ၊ မရှိနဲ့ ထိုင်းစကား တတ်၊ မတတ် အဲဒီနှစ်ချက်ကို ကြည့်တာလည်း ပါတယ်။ အဲဒီနှစ်ချက် မရှိဘူးဆိုရင် ဒီမှာ အလုပ်ရှာဖွေရ ခက်ခဲတယ်။ အထူးသဖြင့် white collar သမားတွေအတွက်လည်း တော်တော် တိုးရခက်တယ်။”
စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံကို မဖြစ်မနေထွက်လာရမယ့် လူငယ်တွေအနေနဲ့ လေဆိပ်တွေမှာ မြန်မာလဝကတွေရဲ့ စစ်ဆေးမှု တင်းကျပ်တာ၊ ထိုင်းလဝက မရောက်ခင် လမ်းတဝက်မှာ ထိုင်းရဲတွေက တားဆီးစစ်ဆေးမှုပြီး ငွေညှစ်တာတွေလည်း ကြုံနေရပါတယ်။
စစ်ကောင်စီ လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်အများအပြားရှိနေပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာကြသူတွေရှိသလို တော်လှန်ရေးအင်အားစုတွေဆီမှာ စစ်သင်တန်း တက်ရောက်ကာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လာသူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါ့အပြင် မကြာခင် စစ်မှုထမ်းအပတ်စဉ် ၅ မှာလည်း လူငယ်အမျိုးသမီးတွေကိုပါ စစ်မှုထမ်း ခေါ်ယူသွားဖို့ ရှိနေပြီး ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
ဇွဲသစ်