Home
မြန်မာသတင်း
မြန်မာပြည်အနှံ့ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေ
DVB
·
August 5, 2024

မြန်မာနိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်မှုတွေ ထပ်မံဖြစ်နေပြီး ဈေးကြီးပေးဝယ်ရတာ၊ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရတာတွေနဲ့ လိုသလောက် ဝယ်မရတာတွေ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်နဲ့ မြန်မာနိုင်ငံ နေရာအနှံ့မှာ ဇူလိုင် နောက်ဆုံးပတ်ကတည်းက စက်သုံးဆီပြတ်လပ်မှုတွေ၊ ဈေးကြီးပေးဝယ်ရတာတွေနဲ့ လိုသလောက်ဝယ်ယူလို့ မရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်း သိရပါတယ်။

ဩဂုတ် ၅ ရက်မှာတော့ ဓာတ်ဆီ ၉၂ တလီတာကို ၂,၉၅၀ ကျပ်နဲ့ ဝယ်ယူနိုင်ပေမဲ့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတာတွေ လိုသလောက် မရောင်းပေးတာတွေ ဖြစ်ပေါ်နေတယ်လို့ မန္တလေးမြို့က တုတ်တုတ်မောင်းသမားတဦးက ပြောပါတယ်။

“ဒီနေ့ ဆီတန်းစီရတဲ့ အခြေအနေကတော့ ဝယ်လို့ရတယ်၊ တလီတာကို ကျပ် ၂,၉၅၀ နဲ့၊ ဒါ ဆိုင်ကြီးတွေမှာပေါ့။ အပြင်မှာဝယ်ရင်တော့ တလီတာကို ကျပ် ၇,၀၀၀ လောက် ပေါက်ဈေးရှိနေတာ။ တဆိုင်နဲ့တဆိုင်တော့ မတူဘူး၊ Denko မှာဆိုရင် ဘယ်လောက်ဝယ်ဝယ် ကြိုက်သလောက်ဝယ်လို့ရတယ်။ အဲဒီတော့ Denko မှာဆို  ဟိုရက်သွားဝယ်တာ အောက်ထစ် ၄ နာရီ ၅ နာရီလောက်ထိ ကြာတယ်။ ဒီနေ့တော့ အစ်ကို Lotus မှာ စီနေတာ၊ Lotus မှာကကျတော့ သတ်မှတ်ချက်နဲ့ ရောင်းပေးတာ၊ ကားဆို ကျပ် ၅၀,၀၀၀ ဖိုး၊ ဆိုင်ကယ်ဆိုရင် ၅,၀၀၀ ဖိုး၊ တုတ်တုတ်ဆိုရင် ၁၅,၀၀၀ ဖိုး၊ အဲဒီတော့ သူ့သတ်မှတ်ချက်နဲ့ သူဆိုတော့ အခု ဒီမှာစီတာကတော့ တနာရီခွဲလောက်ပဲ ကြာတယ်၊ ဒီပုံစံအတိုင်း ဆက်သွားမယ် ဆိုရင်တော့ လူတွေက ပင်ပန်းပြီးတော့ အလုပ် လုပ်ရတာရော ဆီတန်းစီရတာရော အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေးငါးရက် တော်တော်ဆိုးဆိုးဝါးပဲ၊ ဒီနေ့ တရက် နှစ်ရက်တော့ ပြန်အဆင်ပြေလာပြီ ပြောရမှာပဲ။”

ရန်ကုန်မြို့တွင်းမှာလည်း စက်သုံးစီကို တန်းစီစောင့်ဆိုင်းချိန် ကြာမြင့်တဲ့အတွက် မြို့ပြင်က ဆိုင်တွေမှာပဲ ဝယ်ယူနေရပြီး အချိုးကျစနစ်နဲ့ပဲ ရောင်းပေးတယ်လို့ ရန်ကုန်-ခရမ်း ပြေးဆွဲနေတဲ့ တက္ကစီကားပိုင်ရှင်တယောက်က ပြောပြပါတယ်။

“ရန်ကုန်မှာဆိုရင် ကားက တန်းစီရတာ ကားတန်းကြီးကိုမှ အရှည်ကြီး၊ ကားတစီးကိုမှ ၅၀,၀၀၀ ဖိုးပဲပေးတယ်။ မနေ့က ရန်ကုန်ကအပြန် သန်လျင် သိုက်တူးကန်ဘက်မှာ ဝင်ထည့်တာ 95 က ၈၈၀ (၂,၈၈၀ ကျပ်)၊ ၄၀,၀၀၀ ဖိုးတောင်းဝယ်တာ မရဘူး။ လူတဦးကို ၂၀,၀၀၀ ဖိုးပဲ ရမယ်တဲ့၊ အားနာလို့ ရင်းနှီးနေတော့ ၃၀,၀၀၀ ဖိုးတော့ ထည့်ပေးလိုက်တယ်။ တနေ့ကို တကြိမ်ပဲ ထည့်ပေးတယ်။ နယ်ဘက်မှာကတော့ တချို့ဆိုင်ကယ်တွေက တန်းစီမနေတော့ဘူး၊ အလွယ်ပဲ ရေသန့်ဘူးတဘူးကို ၃,၅၀၀ ပေးရတယ်၊ တချို့ တက္ကစီတွေဆိုလည်း ဆီတန်းစီရတာကြာလို့ မထွက်တော့ဘူး။”

နေပြည်တော်မှာလည်း 92, 95 ဝယ်ယူရတာ ခက်ခဲနေတဲ့အတွက် အလုပ်သမားနဲ့ ကုမ္ပဏီဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

အခုတကြိမ် ဆီပြတ်လပ်မှုဟာ အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၂ စက်တင်ဘာတုန်းက တကြိမ်၊ ၂၀၂၃ ဒီဇင်ဘာတုန်းက တကြိမ် စက်သုံးဆီ ပြတ်လပ် ဈေးတက်တာတွေ ဖြစ်ခဲ့ပါသေးတယ်။

အကြောင်းကတော့ ဆီတင်သွင်းခွင့် မူဝါဒတွေ ပြောင်းလဲထားတာကြောင့်ဖြစ်ပြီး ဆီတင်သွင်းသူ importer တွေကို ဒေါ်လာလုံလောက်အောင် မရောင်းပေးနိုင်တာ၊ နယ်စပ်က ဆီသွင်းခွင့် မရတာရယ်နဲ့ ဆီရောင်းတဲ့ ကုမ္ပဏီတွေကို သတ်မှတ်ချက်စာချုပ်ပါအတိုင်း မပေးချေနိုင်တာတွေကြောင့် ဖြစ်တယ်လို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတဲ့ ကုန်သည်တဦးက ပြောပါတယ်။ လက်ရှိမှာတော့ ဆီသင်္ဘောတွေ ပြန်ဝင်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ ဓာတ်ဆီ 92 တလီတာကို ရည်ညွှန်းဈေး ၂,၇၇၀ ကျပ်နဲ့ 95 တလီတာကို ၂,၈၉၅ ကျပ် ဖြစ်ပြီး မန္တလေးရဲ့ ဓာတ်ဆီ 92 တလီတာကို ၂,၈၅၀ ကျပ်နဲ့ 95 တလီတာကို ၂,၉၇၅ ကျပ် ပေါက်ဈေးရှိတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ဩဂုတ် ၅ ရက် လက်လီရည်ညွှန်းသတ်မှတ်ဈေး ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013