Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တလအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်မှုဖြင့် ဒေသခံ ၂၉ ဦးဖမ်းဆီးခံရ 
DVB
·
August 27, 2024
Photo Crd-KKL

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ညမထွက်ရ အမိန့်ကို ချိုးဖောက်တယ်လို့စွပ်စွဲပြီး ဒေသခံ ၂၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ ဒေသခံတွေဆီ ကသိရပါတယ်။ 

ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ ၂၉ ယောက်ကို သူတို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ ခေါင်းစဉ်တပ် ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသားလူငယ်တွေ အများဆုံးဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

မအူပင်မြို့ခံ အမျိုးသမီး တယောက်က "စစ်သားတွေနဲ့ ရဲတွေက ကင်းလှည့်လာရင်း အပြင်မှာတွေ့ တာနဲ့ ဖမ်းတော့တာပဲ။ ညမထွက်ရ ဘာညာဆိုတာက သက်သက်လုပ်တာ။ ည ၈ နာရီလောက်အချိန်ဖမ်းတာက ညမထွက်ရအမိန့်နဲ့မှ မဆိုင်တာ။ ဖမ်းတဲ့ ရဲတွေနဲ့ စစ်ကောင်စီတပ် သားတွေကလည်း အရက်တွေမူးနေတာ။ ခိုင်စံပါယ်လမ်းထဲက ကောင်လေးတယောက်ဆို ရိုက်နှက် ပြီးဖမ်းသွားတာ။ အပြင်လက်ဖက်ရည်ထွက်သောက်ရင်း အဖမ်းခံရတာ''လို့ ပြောပါတယ်။ 

ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာ အသက် ၁၈ ကျော် ၂၂ ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် ၇ ယောက်ဖြစ်ပြီး သူတို့ကို ရဲစခန်းမှာပဲ ထိန်းသိမ်းထားကာ ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ဆိုပါတယ်။ 

''အဖမ်းခံရတဲ့ အရပ်သားတွေကို ရဲစခန်းမှာထားတယ်လို့ပဲ သိရတာ။ အလုပ်သွားလုပ်တဲ့ လူငယ်တွေ၊ အိမ်အပြင်ထွက် လက်ဖက်ရည်ဆိုင်သွားတဲ့လူငယ်တွေ အဖမ်းခံနေရတာ။  အဖမ်းခံရသူတွေက သူတို့ သတ်မှတ်ထားတဲ့ ၁၂ နာရီ ကျော်တဲ့အထိ အပြင်မှာရှိနေတာ မဟုတ်ပါဘူး။ အားလုံးလည်း အဲဒီအမိန့်ထုတ်ပြန်ချက်ကို သိနေတာပဲလေ။ ငွေညစ် မလား ဘာဆက်လုပ်မလည်းတော့မသိသေးဘူး။''

စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ဆိုပြီး ကျိုက်လတ် ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊လပွတ္တာ၊ ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ကျုံပျော်စတဲ့ မြို့နယ်တွေက အများဆုံး ဖမ်းဆီး ခံခဲ့ရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီကသိရပါတယ်။ 

ဧရာဝတီတိုင်းမှာ တလအတွင်း ဖမ်းဆီးခံရသူတွေအများစုဟာ စက်ရုံအလုပ်သမားတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ၊ လယ်သမားတွေ၊ စပါးအရောင်း အဝယ်လုပ်နေသူတွေ ၊မွေးမြူရေးလုပ်ငန်း ရှင်တွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013