Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီတပိဿာ ကျပ် ၂၂,၀၀၀ အထိ စံချိန်တင်ဈေးတက်နေ 
DVB
·
August 29, 2024

ဧရာဝတီတိုင်းထဲကို ရန်ကုန်ကနေ စားအုန်းဆီ အဝင်နည်းလာလို့ လက်ကျန်ဆီတွေကိုသာ ချွေတာရောင်းချပေးနေရပြီး ဆီတပိဿာ ကျပ် ၂၂,၀၀၀ အထိ စံချိန်တင်ဈေးတက်နေတယ်လို့ စားအုန်းဆီကိုယ်စားလှယ်တွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်လောက်ကစပြီး ဧရာဝတီတိုင်းကို စားအုန်းဆီအဝင်နည်းပါးခဲ့တာကြောင့် စားအုန်းဆီဈေးမှာ တရိပ်ရိပ်ထိုးတက်လာပြီး လက်ရှိဆီကို ခွဲတမ်းစနစ်နဲ့သာ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ 

စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင် တယောက်က “ဘယ်လိုမှဈေးချရောင်းမရတဲ့ အခြေအနေပါ။ မရောင်းရင် အဖမ်းခံရမှာလည်း ကြောက်နေရတယ်။ ဆီကလည်း ကိုယ်လိုသလောက်မရဘူး။ အခုဆိုဆီက အရမ်းကိုအဝင် နည်းလာတယ်။ လက်ကျန်ဆီနဲ့ ချွေတာရောင်းနေရတယ်။ ဈေးနှုန်းကတော့ အရင်ကထက် တော်တော်တက်သွား တယ်။ ပြတ်လပ်သွားမယ့် အခြေအနေတောင်ရှိတယ်” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းထဲမှာ လက်ရှိ စားအုန်းဆီတပိဿာ ကျပ် ၂၀,၀၀၀ ကနေ ၂၂,၀၀၀ အထိ ဈေးတက်နေပြီး စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန လက်အောက်၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စားအုန်းဆီ လက်ရှိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီတပိဿာကို ကျပ် ၆,၀၀၀ ကျော်သာသတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ကျိုက်လတ်မြို့ခံ တယောက်က “မြို့ပေါ် မှာပဲ စားအုန်းဆီတပိဿာ ၂၀,၀၀၀ ဈေးပေါက်တယ်။ ကျေးရွာတွေဘက်မှာ ဆီ တပိဿာကျပ် ၂၂,၀၀၀ ပေါက်နေတာ။ အခြေခံပြည်သူတွေက မဝယ်နိုင်ဘူးပေါ့။ စစ်ကောင်စီ လက်အောက်ခံဌာနတွေက ရောင်းပေးတဲ့ စားအုန်းဆီ အရောင်းဆိုင်မှာ တန်းစီဝယ်ရတယ်။ ဈေးကတော့ ၆,၀၀၀ ပါ၊ ၁၀ သားရဖို့ ၂ ရက် မြို့ပေါ်တက် တန်းစီရတယ်” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်က စားအုန်းဆီတပိသာကျပ် ၉၅၀၀၊ ဒုတိယ အပတ်မှာ ကျပ် ၁၅၅၀၀၊ နောက်ဆုံးအပတ်မှာ ၁၉၅၀၀ အထိ တဖြည်းဖြည်းဈေးတက်ခဲ့ပြီး သြဂုတ် ၁ ရက်ကနေ ၂၉ ရက်အထိ စားအုန်းဆီတပိဿာကို ကျပ် ၂၀,၀၀၀ ကေန ၂၂,၀၀၀ အထိ စံချိန်တင်ဈေးတက်လာတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဧရာဝတီတိုင်းမှာ နှစ်အလိုက် စားအုန်းဆီဈေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ်က တပိဿာ ငွေကျပ် ၂.၃၀၀၊ ၂၀၂၁ ခုမှာ ငွေကျပ် ၅,၈၀၀၊ ၂၀၂၂ ခုမှာ ငွေကျပ် ၇,၅၀၀၊ ၂၀၂၃ ခုမှာ ငွေကျပ် ၁၂,၀၀၀ မှ ၁၂,၅၀၀၀၊ လက်ရှိ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စားအုန်းဆီ ၁ ပိသာ ၂၂၀၀၀ အထိ အမြင့် ဆုံး ဈေးဖြစ်ပေါ်နေတာလို့ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

Crd Photo - MMK + VM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013