Home
နိုင်ငံတကာ
သတင်းအယ်ဒီတာဟောင်း ၂  ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် အပြစ်ရှိဟု ဟောင်ကောင် တရားရုံးဆုံးဖြတ်
DVB
·
August 30, 2024
Photo -REUTERS

တရုတ် ပြည်မကြီးအစိုးရက အုပ်ချုပ်တဲ့ဟောင်ကောင်မှာ လုံခြုံရေး ဖြိုခွင်းမှုအတွင်း နိုင်ငံတကာက စိစစ်ခဲ့တဲ့ အမှုတခုနဲ့ ပတ်သက်လို့ နိုင်ငံအပေါ် အကြည်ညိုပျက်စေတဲ့ ဆောင်းပါးတွေ ထုတ်ဝေဖို့ ပူးပေါင်းကြံစည်မှုနဲ့ အခုဖျက်သိမ်းခံလိုက်ရပြီဖြစ်တဲ့ Stand News မီဒီယာရဲ့ အယ်ဒီတာ ၂ ယောက်ကို အပြစ်ရှိတယ်လို့  ဟောင်ကောင် တရားရုံးက ဩဂုတ်၂၉ ရက်မှာ ဆုံးဖြတ်ပါတယ်။

အယ်ဒီတာ ကျုံးဖေ့ချွမ်နဲ့ ပက်ထရစ်လမ်တို့ဟာ သူတို့ကို ပြစ်ဒဏ်စီရင်ချက် ချမယ့် စက်တင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင် ပါတယ်။ 

ဒါဟာ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ကနေ တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးပြီးတဲ့နောက် သတင်းထောက် ဒါမှမဟုတ် သတင်းအယ်ဒီတာကို ပုန်ကန်မှုနဲ့ ပထမဆုံး စီရင်ချက်ဖြစ်လာပါတယ်။

ဒီဖြစ်ရပ်ဟာ ဟောင်ကောင်မှာ နှစ်ရှည်လများ လုံခြုံရေးဖြိုခွင်းမှုအောက်မှာ မီဒီယာ လွတ်လပ်ခွင့်တွေ ယိုယွင်းလာတာကို ထင်ဟပ်စေတယ်လို့ အမေရိကန်အစိုးရ အပါအဝင် ဝေဖန်သူတွေက ပြောပါတယ်။

တချိန်က ဟောင်ကောင်ရဲ့ ထိပ်တန်းအွန်လိုင်းမီဒီယာဖြစ်တဲ့ Stand News ကို  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ရဲတွေက ဝင်စီးခဲ့ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရင်း သတင်းဌာနကို ပိတ်သိမ်းသွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း သတင်းဆောင်းပါး ၁၇ ပုဒ်နဲ့  မှတ်ချက်ပေးတာတွေနဲ့ ဆက်စပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ထုတ်ဝေမှုအတွက် ပူးပေါင်းကြံစည်မှုနဲ့ အသက် ၅၄ နှစ်အရွယ် ချွမ်၊ အသက် ၃၆ နှစ်အရွယ် လမ်နဲ့ သတင်းဌာနရဲ့  မိခင်ကုမ္ပဏီ Best Pencil (Hong Kong) Ltd တို့ တရားစွဲဆိုခံခဲ့ရပါတယ်။

ချွမ်နဲ့ လမ်တို့က အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ချွမ်တယောက်သာ တရားရုံးကို လူကိုယ်တိုင် တက်ရောက်ခဲ့တာပါ။

တရားရုံးက နိုင်ငံတော်အကြည်ညိုပျက် စေတယ်လို့ ယူဆတဲ့ ဆောင်းပါးအများစုကို ချွမ်က တည်းဖြတ် ထုတ်လုပ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013