တရုတ်နိုင်ငံ မြို့တော် ပေကျင်းက တီယန်နန်မင်ရင်ပြင်မှာ ဇွန် ၄ ရက်က ဒီမိုကရေစီလိုလားသူတွေ ဖြိုခွင်းခံရတဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖယောင်းတိုင်မီး ထွန်းညှိုဆုတောင်းပွဲကို ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ လူရာချီ တက်ရောက်ခဲ့ကြပါတယ်။
ထိုင်ဝမ်ဟာ တရုတ်စကားပြောတဲ့ ကမ္ဘာမှာ ဇွန် ၄ ရက် ဆုတောင်းပွဲကို ပွင့်ပွင့်လင်းလင်း ကျင်းပခွင့်ရတဲ့ တခုတည်းသောနေရာပါ။ ပွဲတက်ရောက်သူတွေက သူတို့ဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့ လာတာလို့ ပြောပါတယ်။
လတ်တလောနှစ်တွေမှာ တရုတ်ပြည်မကြီး အစိုးရရဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်က အသက်ဝင်လာပြီးတဲ့နောက် ဟောင်ကောင်မှာ နှစ်စဉ် ဆုတောင်းပွဲတွေ ကျင်းပနေကျ ဗစ်တိုးရီးယားပန်းခြံ ပတ်လည်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ဟောင်ကောင်က အမေရိကန်ကောင်စစ်ဝန်ရုံးကတော့ သူတို့ပြတင်းပေါက်တွေမှာ ဖယောင်းတိုင်မီး ထွန်းညှိ ခင်းကျင်းထားခဲ့တာပါ။ လူတချို့ကို ရဲတွေ ခြံရံခေါ်ထုတ်သွားတာကိုလည်း တွေ့ရပါတယ်။
တီယန်နန်မင်ရင်ပြင်က ဒီမိုကရေစီ လိုလားသူတွေကို စစ်တပ်က နှိမ်နင်းအပြီး ဆယ်စုနှစ်ချီ ကြာခဲ့အပြီးမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ အပါအဝင် ဆန္ဒပြသူတွေရဲ့ မူရင်းပန်းတိုင်တွေက ဝေးကွာနေဆဲပဲလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဇွန် ၄ ရက် သမိုင်းကြောင်းကလည်း မပြောကောင်းတဲ့ ခေါင်းစဉ်အဖြစ် တရုတ်နိုင်ငံထဲမှာ ရှိနေဆဲပါ။
လက်ရှိ အာဏာရ ကွန်မြူနစ်ပါတီက တီယန်နန်မင် နှိမ်နင်းမှုအတွင်း သေဆုံးသူဦးရေကို ခုထိ မထုတ်ပြန်ပါဘူး။
သေဆုံးသူ ထောင်ချီ ရှိနိုင်တယ်လို့ လူ့အခွင့်အရေး အုပ်စုတွေနဲ့ မျက်မြင်သက်သေတွေက ခန့်မှန်းထားပါတယ်။
တီယန်နန်မင်ရင်ပြင် နိုင်ငံရေး ဝရုန်းသုန်းကားကိစ္စကို အသုံးချပြီး တရုတ်နိုင်ငံကို အသရေဖျက် တိုက်ခိုက်သူအားလုံးကို ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၄ ရက်မှာ ပြောပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်က တီယန်နန်မင် နှိမ်နင်းမှုကို မှတ်ချက်ပေးပြီး တရုတ်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို မေတ္တာရပ်ခံခဲ့တဲ့အပေါ် ခုလို တုံ့ပြန် ပြောဆိုခဲ့တာပါ။
ဒီအရေးနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ နိဂုံးချုပ် သုံးသပ်ချက်ကို ရခဲ့ပြီးတာ ကြာလှပြီဖြစ်ပြီး ပြည်တွင်းရေးကို စွက်ဖက်တဲ့ ဘယ်နိုင်ငံကိုမဆို တရုတ်က ဆန့်ကျင်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source-Reuters