Home
မြန်မာသတင်း
နိုင်ငံခြားငွေကြေးကစားသူနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်သူ  ၃၉ ဦးကို အရေးယူ
DVB
·
June 5, 2024

မြန်မာပြည်တွင်းမှာ နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့  ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် ၃၉ ဦးတို့ကို စိစစ်ဖော်ထုတ်ပြီး အရေးယူနေတဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးရောင်းဝယ်လဲလှယ်သူတွေ၊ နိုင်ငံခြားငွေကြေး ကစားနေသူတွေနဲ့ ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူတွေဟာ တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေကြတာဖြစ်လို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပါပြဋ္ဌာန်းချက်နဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ဗဟိုဘဏ်အနေနဲ့ မေ ၂၄ ရက်က အသိပေးကြေညာခဲ့ပါတယ်။

အဆိုပါတားမြစ်ချက်ကို မလိုက်နာသူတွေရဲ့ ငွေစာရင်းတွေပိတ်သိမ်းပြီး တရားစွဲဆို အရေးယူ ဆောင်ရွက်နေတာမှာ မေ ၂၄ ရက်ကနေ ဒီနေ့အထိ နိုင်ငံခြားငွေကြေးကစား၊ ဟွန်ဒီလုပ်ငန်းလုပ်သူ လူပုဂ္ဂိုလ် ၃၉ ဦးတို့ကို  စိစစ်ဖော်ထုတ်ခဲ့တယ်လို့ လူနာမည်နဲ့ မှတ်ပုံတင် နံပတ်တွေနဲ့တကွ ဖော်ပြထားပါတယ်။

ဒီနောက် ဘဏ်တွေနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေမှာ ဖွင့်လှစ်ထားရှိတဲ့ အဆိုပါ ၃၉ ဦးတို့ရဲ့ ဘဏ်ငွေစာရင်းတွေနဲ့ Pay Account တွေကို ယာယီဆိုင်းငံ့ထားသလို ဆက်လက်ပြီး  တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းတွေက စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်ပေါ်စေရေးအတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးတွေ အရောင်းအဝယ်ပြုလုပ်တာနဲ့ ဟွန်ဒီနဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေ မလုပ်ကြဖို့ ဗဟိုဘဏ်က ထပ်မံအသိပေးအပ်ထားပါတယ်။

ဒါ့အပြင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေတဲ့ တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူတွေနဲ့  ပွဲစားတွေ အပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ  ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှဆောင်ရွက်နေတဲ့  တရားခံ ၁၁ ဦးကိုလည်း  ဥပဒေနဲ့အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ပေမဲ့  ဖမ်းဆီးခြင်းမခံရအောင် ထွက်ပြေးတိမ်းရှောင်တယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် စီးပွားရေးကျပ်တည်း ငွေကြေးဖောင်းပွမှုတွေ ဆိုးဆိုးရွားရွားဖြစ်နေပြီး ဒေါ်လာဈေးနဲ့ ရွှေဈေးတွေလည် စံချိန်မြင့်တက်နေပါ။

အခုလို ရွှေဈေးနဲ့ ဒေါ်လာဈေးတက်လာတိုင်း လုပ်ငန်းနဲ့ ဆက်နွှယ်သူတွေကို ဖမ်းဆီးအရေးယူနဲ့ နည်းကိုသာ စစ်အစိုးရ အဆက်ဆက်ကျင့်သုံးနေတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013