Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီဈေးထပ်တက်ပြီး ပြတ်လပ်၊ အသေးစား မုန့်လုပ်ငန်းများ ရပ်နား
DVB
·
June 5, 2024

ဧရာဝတီတိုင်းမှာ စားအုန်းဆီဈေး မြင့်တက်လာပြီး ပြတ်လပ်နေလို့ ဆီကို အဓိကအသုံးပြု လုပ်ကိုင်ရတဲ့ အသေးစားမုန့်လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

စားအုန်းဆီပြတ်လပ်နေတာ တပတ်ခန့်အထိ ရှိလာပြီး ဆီနဲ့ အဓိကအသုံးပြုလုပ်ကိုင်ရတဲ့ အသေးစား အကြော်စုံလုပ်ငန်းတွေ၊ မုန့်အမျိုးမျိုးလုပ်ငန်းတွေ၊ ဆီရောင်းသူတွေ လုပ်ငန်းရပ်နားလာရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက အကြော်စုံလုပ်ငန်းရှင်တယောက်က “ငှက်ပျောကြော်ကို အဓိက ထုတ်လုပ်ရောင်းချတာ လုပ်လာတာ ၁၁ နှစ်ထဲရောက်လာပြီ၊ ဒီလိုအဖြစ်မျိုး မကြုံခဲ့ရဘူး။ ဆီဈေး နည်းနည်းတက်တုန်းက တောင့်ခံ လုပ်သေးတယ်။ အခုက ဆီက ဈေးထပ်တက်လာတဲ့အပြင် ဆီပါပြတ်လပ်နေတာ။ အမတို့လုပ်ငန်းက ဆီပိဿာချိန် ၂၀ ကနေ ၃၅ ပိဿာအထိ နေ့တိုင်းသုံးရတာ။ လုံးဝဝယ်မရတော့ စိတ်ကုန်သွားပြီ၊ ဒါ့ကြောင့် လုံးဝရပ်ပစ်လိုက်တာ။ ဆီဈေးလည်းကျ အလွယ်တကူဝယ်ရမှ ပြန်လုပ်တော့မယ်။ အရင်လိုတော့ အဆင်ပြေမယ်မထင်ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လက်ရှိ စားသုံးဆီကို အဓိကအသုံးပြု လုပ်ကိုင်ရတဲ့ အ‌သေးစား လုပ်ငန်းရှင် အယောက် ၄၀ အထိ လုပ်ငန်းတွေ ရပ်နားထားရပြီး အဲဒီလုပ်ငန်းတွေကို မှီခိုနေတဲ့ လုပ်သား ၁၀၀ ကျော်လောက်လည်း အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိရပါတယ်။

မအူပင်မြို့က ဆီကြော်မုန့်အမျိုးမျိုး ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တယောက်က “ကျနော်တို့လုပ်ငန်းမှာ အနည်းဆုံး လခစားဝန်ထမ်း ၃ ယောက်လောက်နဲ့ လုပ်ရတာ။ အခုတော့ သူတို့လည်း အလုပ်လက်မဲ့ဖြစ်ပြီ။ ဆီကို အဓိက အသုံးပြုလုပ်ကိုင်နေရတဲ့ ကျနော်တို့လုပ်ငန်းတွေ အကျိုးအမြတ်ထက် ကုန်ကျစရိတ် များနေတာကြာပြီ။ လှည့်ပတ်လုပ်နေတာ၊ အခုတော့ ရပ်ပြီ၊ လိုသလောက်မှ ဝယ်မရတာ၊ ဆက်လုပ်ဖို့ ရေပဲရှိတယ်” လို့ ပြောပါတယ်။

စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “မေလ နောက်ဆုံး အပတ်လောက်ကတည်းက စားဆီက လိုသလောက် မှာမရတာ။ ကိုယ်လည်း အရင်လိုပဲ တရက်စ နှစ်ရက်စ ပြတ်တာထင်တာ။ အခု မရောင်းရတာ တပတ်လောက်ရှိပါပြီ။ ဆိုင်မှာ ဆီလုံးဝမရှိတာ၊ တမင်မရောင်းတာ မဟုတ်ပါဘူး။ မှာတာကို မရတာ၊ ဈေးချရောင်းဖို့ဆို ဆီများများတင်သွင်းပေးရင် ဈေးက ကျလာပါလိမ့်မယ်၊ အမိန့်နဲ့တောင် ချခိုင်းစရာ မလိုပါဘူး။ ဒီလောက်ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စားသောက်ကုန်ရောင်းချတဲ့ ဆိုင်ကြီးတွေမှာ ဆီလုံးဝဝယ်ယူမရဘဲ လမ်းဘေးဆိုင်ငယ်တွေမှာ ဆီ ၁၀ သားကနေ ၂၀ သားအထိသာရပြီး ဆီ ၁၀ သားကိုလည်း ၁,၂၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ မအူပင်၊ မြောင်းမြ၊ ဘိုကလေး စတဲ့မြို့တွေက တချို့ဆိုင်တွေမှာတော့ ပြီးခဲ့တဲ့ မေ ၂၅ ရက်လောက်က စတင်လို့ ဆီ ၅၀ ကျပ်သား ဝယ်ယူလိုပါက တခြားကုန်ခြောက်ပစ္စည်း ၁၅,၀၀၀ ဖိုး ဝယ်ယူရမယ့် စနစ်တွေနဲ့ ရောင်းချနေတာတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013