မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ခင်ရှည်တောင်ကျေးရွာကို ဇွန် ၄ ရက်၊ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ကျေးရွာ ကျန်းမာရေးဆေးပေးခန်း ပျက်စီးသွားပြီး တိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ဗုံးပေါက်တဲ့အသံကြီးက အကျယ်ကြီးပဲ။ မြေတွေတောင်တုန်တယ်။ ဗုံးကြဲတဲ့အပြင် အမြောက်ကြီးတွေနဲ့လည်း ပစ်နေတာဗျ။ လေယာဥ်နဲ့ချတဲ့ ဗုံးသီးက ဆေးပေးခန်းပေါ် တည့်တည့်ကိုကျတာ။ ဆေးခန်းကတော့ ရစရာမရှိအောင် ပျက်စီးကုန်တယ်။ ဆေးခန်းနားမှာ ရှိနေတဲ့ အိမ်လေးငါးလုံးလည်း ပျက်စီးသွားတယ်။ နွားတွေလည်း သေကုန်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ခင်ရှည်တောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပေမဲ့ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “ဒီဘက်မှာ အခုတလော တိုက်ပွဲဖြစ်တာ မရှိဘူးအစ်ကို။ အကြမ်းဖက် ေ–းတပ်က သက်သက်မဲ့ ပြည်သူတွေကို ဒုက္ခပေးတာပါ။ လေယာဥ်နဲ့ကြဲတာက ပေါင် ၅၀၀ ဗုံးဗျ။ အခုပစ်နေတာက ကပစ ၂၄ ထဲကပါ။ နောက်ပြီးတော့လည်း ေ–းတွေက သူကြီးဘုရားကုန်းမှာ ဟောင်ဝစ်ဇာတွေ အထိုင်ချထားပြီး အနီးအနားရွာတွေကို မကြာခဏဆိုသလို ရမ်းသန်းပစ်ခတ်လေ့ရှိတယ်” လို့ ပြောပါတယ်။
ဗုံးကြဲချခံရပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတဲ့ ခင်ရှည်တောင်ကျေးရွာက ဒေသခံပြည်သူတချို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သာယာကုန်းကျေးရွာနဲ့ ငွေတောင်ကျေးရွာကြားမှာ ဇွန် ၃ ရက် ညနေ ၄ နာရီလောက်မှာ အင်အား ၈၀ ပါ စစ်ကြောင်းက ပြည်သူ ၅ ဦးကို ဖမ်းခေါ်သွားတာလို့ မောင်တောမြို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ သာယာကုန်းကျေးရွာက ဦမောင်လှသန်း၊ ဦးလှထွန်း၊ ဦးထွန်းနုစိန်၊ မကျည်းကုန်းကျေးရွာက ဦးဒူရီးနဲ့ ဦလှသန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သာယာကုန်းရွာနဲ့ ငွေတောင်ရွာနားတဝိုက်မှာ အဲဒီနေ့ ၃ နာရီကျော်လောက်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပြန်ဆုတ်တဲ့အချိန် လမ်းမှာတွေ့ပြီး ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။
မောင်တောမြို့နယ်မှာ မေ ၂၉ ရက် နေ့လယ်ပိုင်းကလည်း ပြည်သူ ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး လက်နက်ထိမှန် သေဆုံးခဲ့ကြောင်း သိရပါတယ်။
မိုးညှင်းမြို့နယ်၊ ကြံခင်းကုန်းကျေးရွာရှိ နေအိမ်တခုအတွင်း ဇွန် ၃ ရက် ညက အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့ ရောက်နေစဉ် စစ်တပ်က ရောက်ရှိလာပြီး နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ည ၈ နာရီလောက် ရွာထဲက အိမ်တလုံးမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ ရောက်လာတယ်။ စစ်တပ်က ဘယ်လိုသတင်းရသွားလဲ မသိဘူး။ အိမ်ကို သွားဝိုင်းပြီး နှစ်ဖက် အပြန်အလှန် ပစ်ကြတာ။ လက်ပစ်ဗုံးတွေနဲ့ပစ်တာ၊ ဘေးအိမ်က ကျောင်းနေစအရွယ် ကလေးလေး ဗုံးစမှန်ပြီး ဆုံးသွားတယ်။ ဘယ်အဖွဲ့ပစ်တယ်ဆိုတာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။
ဧပြီ ၁၄ ရက်ကလည်း နန်းမားအမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုးညှင်းမြို့နယ် မြိုင်ကျေးရွာက ဒေသခံတောင်သူ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပြင် အမည်မသိ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏ ထိတွေ့မှုဖြစ်ပွားပြီး စစ်ရေးတင်းမာနေပါတယ်။