ဧရာဝတီတိုင်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းဖွံ့ဖြိုးရေးအတွက်လို့ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ပုသိမ်၊ ညောင်တုန်း၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဘိုကလေး၊ ကျောင်းကုန်းစတဲ့ မြို့နယ်တွေက အခြေခံပညာကျောင်းတွေ အပါအဝင် ကျောင်းတော်တော်များများမှာ ကောက်ခံနေတာဖြစ်တယ်လို့ မအူပင်မြို့က ကျောင်းသားမိဘတဦးက ပြောပါတယ်။
“ကိုယ့်ကလေးတွေရဲ့ ကျောင်းဖွံ့ဖြိုးရေး၊ ကိုယ့်ကျောင်းဖွံ့ဖြိုးရေးလို့ ခေါင်းတပ်ပြီး ရန်ပုံငွေဆိုပြီးမှ ကောက်ခံတာပေါ့။ ငွေကောက်ဖို့သက်သက် တယောက်ထားတာ။ ဘောပင်တချောင်း ၁,၀၀၀ အထိ ဖြစ်နေတဲ့အချိန် အမျိုးစုံ အခက်အခဲတွေရှိနေလို့ မကောက်ခိုင်းစေချင်ဘူး။”
ငွေကြေးကောက်ခံတာ မထည့်ရင် ကိုယ့်ကလေးတွေပဲ မျက်နှာငယ်ရလိမ့်မယ်၊ ငွေကောက်ခံတဲ့ကိစ္စကို တိုင်တန်းတာတွေ၊ လူမှုကွန်ရက်ပေါ် တင်တာတွေလုပ်ရင် ကိုယ့်ကလေးတွေပဲ ပညာရေးမှာ နစ်နာမှာလို့ ပြောဆိုကောက်ခံတာကြောင့် ကောက်ခံတဲ့ ငွေပမာဏအတိုင်း ထည့်ပေးနေကြရတယ်လို့ ဆိုပါတယ်။
အဲဒီလို ကလေးကျောင်း အဆင်ပြေပြေ တက်နေရဖို့အတွက် အလှူငွေ၊ ရန်ပုံငွေ အနေနဲ့ စေတနာရှိသလောက် ထည့်ရတာရှိသလို တချို့ကျောင်းတွေဆိုရင် ၅၀,၀၀၀ အထိ သတ်မှတ်ပြီး ကောက်ခံတာလည်း ရှိတယ်လို့ ဘိုကလေးမြို့က နောက်ထပ် ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
“တချို့တွေကျတော့လည်း ပျက်စီးယိုယွင်းနေတဲ့ စာသင်ခုံတွေ ပြင်ချင်လို့ ကောက်တာတဲ့။ အမှန်တကယ် ကိုယ်ကျိုးအတွက်ပဲ သုံးဖို့ ကောက်နေတဲ့ဟာတွေလည်း ကောက်နေတာ။ တချို့တွေကျတော့လည်း ၅၀,၀၀၀ တောင် တောင်းတာ။ တချို့ကျတော့လည်း ၃၀,၀၀၀ တဲ့။ ကလေးတွေ ဖိအားအပေးခံရလို့ ပေးရတာပေါ့။”
ဧရာဝတီတိုင်းထဲက အခြေခံပညာကျောင်းတွေမှာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကလည်း ကျောင်းပြင်ဆင်စရိတ်နဲ့ စာရွက်စာတမ်းကြေးလို့ ပြောဆိုကာ ကျောင်းသားတယောက်ကို ငွေကျပ် ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ကောက်ခံခဲ့သေးတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။